ကျွန်တော်နေထိုင်သော ဘားအံမြို့ ကလေးမှာရှိတဲ့ အမှုတော်ဆောင်တိုင်း၏ နာမည်ကို ခေါ်၍ ဘုရားထံ ဆုတောင်းပေးလျှက်ရှိပါ၏။ ထို့ ပြင် အနယ်နယ်အရပ်ရပ်မှာ ရှိနေကြတဲ့ ကျွန်တော်နာမည်သိသော အမှုဆောင်များကို နာမည်တပ်၍ အစဉ်ဆုတောင်း ပေးလျှက် ရှိပါ၏။ ကျွန်တော်နာမည်မသိသော အမှူတော်ဆောင်များအားလုံးအတွက် ကျွန်တော်အမြဲသတိရ ဆုတောင်းပေးလျှက် ရှိပါ၏။
ဘာကြောင့်လဲ ဆိုတော့ ဓမ္မအမှူတော်ဆောင်တိုင်းကို ဘုရားက ရွေးကောက်ဘိသိက်ပေးထားသောကြောင့် ဖြစ်ပါတယ်။ ဘုရားဘိသိတ်ဖြင့် ရွေးကောက်ခံထားရတဲ့ အမှူတော်ဆောင်တစ်ဦးစီတိုင်း အတွက် လေးလေးနက်နက် ချစ်မြတ်နိုးဆုတောင်းပေးခြင်းသည် ဘုရားသခင်အလိုတော်ကို ဆောင်ခြင်း ဖြစ်ပေ၏။ ဘုရားဘိသိတ်ဖြင့် ရွေးချယ်ခံရသော အမှူတော်ဆောင်များအား နှလုံးသား အကြွင်းမဲ့ ကိုယ်နှင့် အမျှ အလေးထားဆုတောင်းပေးခြင်း သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အံ့မခန်းခံစားရကြောင်း ကျွန်တော်ဘ၀၏ လက်တွေ့ ဖြစ်ပေ၏။
အမှူတော်ဆောင်များကို ချစ်ကြပါ။ အမှုတော်ဆောင်တို့ ၏ အားနည်းချက်တို့ ကို နားလည်ပေးကြပါ။ အမှုတော်ဆောင်တို့ ၏ တစ်ချို့ လုပ်ဆောင်မှုတို့ သည် လမ်းလွဲမှုများရှိကြပါ၏။ ထိုအရာများကို သိရှိပါက လုပ်ဆောင်မှုများကို သာ မုန်းတီးပါ။ အမှုတော်ဆောင် ပုဂိုလ်ကိုတော့ ချစ်ကြပါ။ဘုရားကအပြစ်ကို ရွံရှာမုန်းတီးသော်လည်း အပြစ်သားကို အသက်စွန့် သည်အထိ ချစ်မြတ်နိုးကြောင်း ကျွန်တော်တို့ သိကြတယ်မဟုတ်ပေဘူးလား။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမှုတော်ဆောင် အချင်းချင်း ချစ်မြတ်နိုးကြပါ။ ယုံကြည်သူတိုင်းသည်လည်း အချင်းချင်းချစ်ကြပါ။ အမှုတော်ဆောင်တိုင်းကို ချစ်မြတ်နိုး ကြပါ။သင်တို့ သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ (ရှင်ယောဟန် ခရစ်ဝင် ၁၃း၁၄)
ဘုရားသခင်၏ ဘိသိတ်ဖြင့် ရွေးချယ်ခွဲခန့် ခြင်းခံထားရသော အမှူတော်ဆောင်များကို မထီမဲ့မြင် မပြုနှင့်။ မပြစ်မှားနှင့်။ ယခုခေတ် စကားအရ ဆိုလျှင် သွားမပြောင်နှင့်။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင်၏ တန်ခိုးတော်သည် ထိုသူတို့ ၌ ပြည့်ဝစွာ တည်ရှိနေသောကြောင့်ဖြစ်၏။သမ္မာကျမ်းစာအတွင်း ဘုရားအမှုတော်မြတ်ကို ဆောင်ရွက်ကြသော သူတို့ အားကဲ့ရဲ့လှောင်ပြောင် မထီမဲ့မြင် ပြု၍ အမှူတော်ဆောင်တို့ ၏ စကားကို နားမထောင်သူတို့ ၏ ဘ၀ နိဂုံးသည် မလှမပဖြစ်၍ ဇတ်သိမ်းတတ်ကြောင်း များပြားစွာ တွေ့ ရှိ ရပေသည်။အို ချစ်ရသော ယုံကြည်သူ ညီအစ်ကို မောင်နှမ မိသားစု အပေါင်းတို့ ။ သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား ဖွင့်ပြမှုအတိုင်း ဝေမျှနေခြင်း ဖြစ်၏။
ကျွန်တော်သည်လည်း အမှုတော်ဆောင်တစ်ပါး ဖြစ်ပါ၏။ အမှုတော်ဆောင်အချင်းချင်းအကြောင်းကို သာမန်ယုံကြည်သူများထက် ကျွန်တော်ကပိုသာ၍ သိမြင်တတ်ပါ၏။ကမ္ဘာပေါ်မှာ ဘုရားရွေးကောက် ဘိသိတ်ပေးထားတဲ့ ၁၀၀%(ရာခိုင်နှုန်းပြည့်) အမှုတော်ဆောင်အားလုံးဟာ သာမန်ယုံကြည် သူများထက် ဆိုးမိုက်မဲသောသူများ၊ နည်းမျိုးစုံ ထဲမှ တစ်နည်းနည်း ပြင်းထန်စွား ဆိုးရွားသူများသာ ဖြစ်ကြပေ၏။ ဤစကားသည် စစ်မှန်သော သစ္စာ စကားဖြစ်၏။ ဒါကြောင့် ကျွနုပ်တို့ အမှုတော်ဆောင်တို့ ၏ ဘ၀အစသည် အတ္တကြီးသူများ၊ မိမိကိုယ်ကို အထင်ကြီးတတ်သူများ၊ လူတွေကို ရိုက်နှက်တတ်သူများ၊ ဘိန်းစားများ၊သူခိုးများ၊ ကာမတပ်မက်သူများ၊ လောင်းကစားသမားများ၊ သူတော်ကောင်းယောင်ဆောင်တတ်သူများ၊ စသော အကျင့်စရိုက် အမျိုးမျိုးမှ ဘုရားသခင်သည် ပစ်မထားပဲ၊ မေတ္တာတော် လက်တော်အားဖြင့် ဆွဲခေါ်၍ ဘိသိတ်ပေး အသုံးပြုကြောင်း၊ အပြစ်များပြား ကြီးမားလှသော ကျွန်တော့်ဘ၀၏ လက်တွေ့ ပင် ဖြစ်သည်။
ဘုရား၏မေတ္တာကြောင့် တန်ခိုးကြောင့်သာလျှင် လူအပေါင်းအရှေ့ ၊ ပလ္လင်၌ ထိုင်ပြီး ဘုရား၏ သမ္မာတရားကို ဝေမျှနိုင်ကြခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ထိုအမှုတော်ဆောင်တို့ ဟာ ကမ္ဘာကို ဖျက်ဆီးမဲ့ ဖုတ်ကောင်ပိုးရွကဲ့သို့ ဖြစ်ပါတယ်။ ဘုရားကထိုသူတို့ ၏ အသက်တာကို ပြောင်းလဲစေပြီး ကမ္ဘာကို အကျိုးပြုတဲ့ ဘုရား၏စေတမန်များအဖြစ် ပို့ ဆောင်ခဲ့ပါတယ်။
ဒါကြောင့် ဘုရားဘိသိတ်ပေးထားတဲ့ ဓမ္မအမှုတော်ဆောင်တိုင်းကို မငြူစူကြပါနှင့်။ အပြစ်မမြင်ကြပါနှင့် အားပေးကြပါ။ ကူညီကြပါ။ ထောက်မကြပါ။ ဆုတောင်းပေးကြပါ။ ဘုရားသခင်၏ ဘုန်းတော်အတွက် ရှေ့ တန်းက ဦးဆောင်သူများ ဖြစ်ကြပါတယ်။ နောက်တန်းမှာရှိတဲ့ အထောက်အမမျိုးစုံ မရှိလျှင်လည်း ကြောက်တတ်တဲ့ အမှုတော်ဆောင်တွေမဟုတ်ပါဘူး။ အသေခံ၍ အမှုကို ဆောင်ကြမဲ့ ယခင်အသက်တာမှ မိုက်မဲမှု အပြည့် ရှိကြတဲ့ သူတွေဟာ ယခုဘုရား အမှုတော် အတွက် သတ္တိအပြည့် ရဲရင့်သောသူများ ဖြစ်ကြပါတယ်။
ကျွန်ုပ်တို့ အမှုတော်ဆောင်တွေ ဘယ်လောက်ဆိုးတာ ပြောစရာ မလိုပါဘူး။ မိတ်ဆွေတို့ ပြောကြတဲ့ အရာထက် ဆိုးတဲ့ သူတွေပါ။ လက်ရှိ ဓမ္မအမှုတော်ဆောင်တွေဟာ ဇာတိနောက်ကြောင်း မမေ့လို့ သာလျှင် အမှုတော်ဆောင်ဘ၀မှာ ထပ်ဆင့် ဆိုးရွားနေကြခြင်း ဖြစ်ပါတယ်။ လောတမသားကဲ့သို့ ထွန်တုံးကိုင်ပြီး နောက်လှည့်ကြည့်နေကြလို့ သာ အသင်းတော်၌ မလုပ်သင့်တာတွေ လုပ်နေကြခြင်း ဖြစ်ပါတယ်။ အမှုတော် ဆောင်တွေရဲ့ မှားယွင်းမှုအပေါ် စကားအားဖြင့် မမှားယွင်းကြပါနှင့်။ ဘုရားက သူတို့ ကို ရွေးကောက်ထားတဲ့အတွက် ဘုရားကိုယ်တိုင်ကောင်းကောင်း ဆုံးမမှာ ဖြစ်ပါတယ်။ ဘုရားအလိုတော်ကို မလိုက်ပဲ မိမိအလိုအတိုင်း လုပ်ဆောင်နေကြတဲ့ ဘုရားစကားကို ဆန့် ကျင်ကြတဲ့ အမှုတော်ဆောင်များစွာဟာ ငရဲသွားရကြောင်းလည်း ကျမ်းစာ၌ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။
ဒါကြောင့် အမှုတော်ဆောင်များကို အားပေးထောက်မကြပါ။ လိုအပ်သင့်သည်ထက် ပို၍ အားမပေးပါနှင့်။ အမှုတော်ဆောင်များကိုလည်း အရမ်းမချီးမွမ်းကြပါနှင့်။ အောက်ခြေလွတ်သွားနိုင်ပါတယ်။ မိမိအား ချီမွမ်းမှုကို ကြိုက်နှစ်သက်သော အမှုတော်ဆောင်ဟာ တော်တော့်ကို များပြားနေပါတယ်။ ဒါကြောင့် အမှုတော်ဆောင်များရဲ့ ရှေ့ မှာ သိပ်မချီးမွမ်း ကြပါနှင့်။ အမှုတော်ဆောင်များ၏ရှေ့ မှာ ဘုရား၏ပြုသော အမှုကို ချီးမွမ်းကြပြီး၊ နောက်ကွယ်မှသာလျှင် အမှုတော်ဆောင်များကို ချီးမွမ်းတတ်ကြပါလေ။
မိမိအသင်းတော်မှာ ရှိသော အမှုဆောင်ကိုသာ မချစ်ကြပါနှင့်။ တစ်ခြားအသင်းတော် အဖွဲ့ အစည်း အသီးသီး၌ ရှိကြသောအမှုတော်ဆောင်များအားလည်း ချစ်ခင်မြတ်နိုးကြပါ။
အမှုတော်ဆောင်ထဲမှ အမှုတော်ဆောင်ဖြစ်တဲ့ ကျွန်တော့်ကိုလည်း ချစ်ကြပါ။ အားလုံးကိုလည်း ကျွန်တော်ချစ်ပါတယ်။
”လူမိုက်ကြီးများ ဖြစ်ခဲ့ကြသော ကျွန်တော်တို့ အမှုတော်ဆောင်များကို ချစ်ကြပါ“
အဲ့ဒီ လူမိုက်ကြီးများဟာ အရင်က မိမိအန်ခဲ့သော အန်ဖတ်ကို ပြန်စားတတ်ကြပါတယ်။ အန်ဖတ်စားတာကို မြင်ကြတဲ့အခါ ဆုတောင်းပေးကြပါ။ ၀ိုင်းဝန်းဖေးမ ကူညီကြပါ။ ထိုသို့ အချင်းချင်း ထောက်မကြမည်ဆိုလျှင် ထိုသူတို့ ဟာ စားထားတဲ့ အန်ဖတ်ကို ပြန်အန်ပြီး အင်အားအပြည့်ဖြင့် ယခင်ထက် ရဲရင့်အား ကြီးစွာ အမှုတော်ကို ဆောင်ရွက်ကြမည် ဖြစ်၏။
အချုပ်မှာ---
ဘုရားရွေးကောက်သူတို့ သည် -- ပြည့်တန်ဆာများ၊ အခွန်ခံများ၊ တံငါသည်များ၊ နွားကျောင်းသာများ၊ သိုးကျောင်းသားများ၊ အင်အားချိနဲ့ သူများ၊ ပညာမတတ်သူများ၊ ဆင်းရဲနွမ်းပါးသူများ၊ လောကီပညာ၌ မိမိကိုယ်ကို အထင်ကြီးသူများ ဖြစ်ကြ၏။
ဒါကြောင့် ဘုရားက မိမိအားအမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးကောက်ထားပါက ဘုရားသခင်ကို ချစ်ကြောက်ရိုသေကိုးစားနားထောင်ပါ။
ဘုရားက မိမိအား အမှုတော်ဆောင်များအား တစ်ဖက်တစ်လမ်းမှ ကူညီမစထောက်မဖို့  ရွေးကောက်ထားလျှင် ဘုရားကို ချစ်ကြောက်ရိုသေပြီး အပြည့်အ၀ အမှုတော်ဆောင်များကို ထောက်မကြပါ။
ယနေ့ သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား ရှိနေသောကာလတွင် ဘုရားသခင်သည် ယုံကြည်သူတိုင်းအား သူ့ နေရာနှင်သူ ရွေးကောက်ထားခြင်း ဖြစ်၏။ ဒါကြောင့် မိမိနေရာ၌ မိမိဘာလုပ်ရမည့် အပေါ်မှာသာ ပြည့်ဝစွာ အာရုံစိုက်ကြပါလေ။ တစ်ပါးသူ၏ အလုပ်ကို ဝေဖန်ရှုတ်ချခြင်းမလုပ်ကြနှင့်။
မိမိကိုဘုရားရွေးကောက်ထားသောနေရာ၌ သစ္စာရှိရှိဆောင်ရွက်တတ်ခြင်းသည် တစ်ပါးသူအား စစ်မှန်စွာ ပြည့်ဝစွာ ကူညီထောက်မတတ်ခြင်း ဖြစ်၏။ မိမိနေရာ၌ သစ္စာမရှိပဲ တစ်ပါးသူအား ကူညီတတ်ခြင်းသည် ကူညီရာမရောက် ဖျက်ဆီးရာ ရောက်တတ်၏။ မယုံလျှင် စမ်းကြည့်ပါ။
ဆရာစောသူရ (ဘားအံ)
No comments:
Post a Comment