Thursday, May 23, 2013

လူမိုက်ကြီးများကို ချစ်ကြပါ ဆရာစောသူရ(ဘားအံ)

ကျွန်တော်နေထိုင်သော ဘားအံမြို့ ကလေးမှာရှိတဲ့ အမှုတော်ဆောင်တိုင်း၏ နာမည်ကို ခေါ်၍ ဘုရားထံ ဆုတောင်းပေးလျှက်ရှိပါ၏။ ထို့ ပြင် အနယ်နယ်အရပ်ရပ်မှာ ရှိနေကြတဲ့ ကျွန်တော်နာမည်သိသော အမှုဆောင်များကို နာမည်တပ်၍ အစဉ်ဆုတောင်း ပေးလျှက် ရှိပါ၏။ ကျွန်တော်နာမည်မသိသော အမှူတော်ဆောင်များအားလုံးအတွက် ကျွန်တော်အမြဲသတိရ ဆုတောင်းပေးလျှက် ရှိပါ၏။

ဘာကြောင့်လဲ ဆိုတော့ ဓမ္မအမှူတော်ဆောင်တိုင်းကို ဘုရားက ရွေးကောက်ဘိသိက်ပေးထားသောကြောင့် ဖြစ်ပါတယ်။ ဘုရားဘိသိတ်ဖြင့် ရွေးကောက်ခံထားရတဲ့ အမှူတော်ဆောင်တစ်ဦးစီတိုင်း အတွက် လေးလေးနက်နက် ချစ်မြတ်နိုးဆုတောင်းပေးခြင်းသည် ဘုရားသခင်အလိုတော်ကို ဆောင်ခြင်း ဖြစ်ပေ၏။ ဘုရားဘိသိတ်ဖြင့် ရွေးချယ်ခံရသော အမှူတော်ဆောင်များအား နှလုံးသား အကြွင်းမဲ့ ကိုယ်နှင့် အမျှ အလေးထားဆုတောင်းပေးခြင်း သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အံ့မခန်းခံစားရကြောင်း ကျွန်တော်ဘ၀၏ လက်တွေ့ ဖြစ်ပေ၏။

အမှူတော်ဆောင်များကို ချစ်ကြပါ။ အမှုတော်ဆောင်တို့ ၏ အားနည်းချက်တို့ ကို နားလည်ပေးကြပါ။ အမှုတော်ဆောင်တို့ ၏ တစ်ချို့ လုပ်ဆောင်မှုတို့ သည် လမ်းလွဲမှုများရှိကြပါ၏။ ထိုအရာများကို သိရှိပါက လုပ်ဆောင်မှုများကို သာ မုန်းတီးပါ။ အမှုတော်ဆောင် ပုဂိုလ်ကိုတော့ ချစ်ကြပါ။ဘုရားကအပြစ်ကို ရွံရှာမုန်းတီးသော်လည်း အပြစ်သားကို အသက်စွန့် သည်အထိ ချစ်မြတ်နိုးကြောင်း ကျွန်တော်တို့ သိကြတယ်မဟုတ်ပေဘူးလား။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမှုတော်ဆောင် အချင်းချင်း ချစ်မြတ်နိုးကြပါ။ ယုံကြည်သူတိုင်းသည်လည်း အချင်းချင်းချစ်ကြပါ။ အမှုတော်ဆောင်တိုင်းကို ချစ်မြတ်နိုး ကြပါ။သင်တို့ သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ (ရှင်ယောဟန် ခရစ်ဝင် ၁၃း၁၄)

ဘုရားသခင်၏ ဘိသိတ်ဖြင့် ရွေးချယ်ခွဲခန့် ခြင်းခံထားရသော အမှူတော်ဆောင်များကို မထီမဲ့မြင် မပြုနှင့်။ မပြစ်မှားနှင့်။ ယခုခေတ် စကားအရ ဆိုလျှင် သွားမပြောင်နှင့်။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင်၏ တန်ခိုးတော်သည် ထိုသူတို့ ၌ ပြည့်ဝစွာ တည်ရှိနေသောကြောင့်ဖြစ်၏။သမ္မာကျမ်းစာအတွင်း ဘုရားအမှုတော်မြတ်ကို ဆောင်ရွက်ကြသော သူတို့ အားကဲ့ရဲ့လှောင်ပြောင် မထီမဲ့မြင် ပြု၍ အမှူတော်ဆောင်တို့ ၏ စကားကို နားမထောင်သူတို့ ၏ ဘ၀ နိဂုံးသည် မလှမပဖြစ်၍ ဇတ်သိမ်းတတ်ကြောင်း များပြားစွာ တွေ့ ရှိ ရပေသည်။အို ချစ်ရသော ယုံကြည်သူ ညီအစ်ကို မောင်နှမ မိသားစု အပေါင်းတို့ ။ သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား ဖွင့်ပြမှုအတိုင်း ဝေမျှနေခြင်း ဖြစ်၏။

ကျွန်တော်သည်လည်း အမှုတော်ဆောင်တစ်ပါး ဖြစ်ပါ၏။ အမှုတော်ဆောင်အချင်းချင်းအကြောင်းကို သာမန်ယုံကြည်သူများထက် ကျွန်တော်ကပိုသာ၍ သိမြင်တတ်ပါ၏။ကမ္ဘာပေါ်မှာ ဘုရားရွေးကောက် ဘိသိတ်ပေးထားတဲ့ ၁၀၀%(ရာခိုင်နှုန်းပြည့်) အမှုတော်ဆောင်အားလုံးဟာ သာမန်ယုံကြည် သူများထက် ဆိုးမိုက်မဲသောသူများ၊ နည်းမျိုးစုံ ထဲမှ တစ်နည်းနည်း ပြင်းထန်စွား ဆိုးရွားသူများသာ ဖြစ်ကြပေ၏။ ဤစကားသည် စစ်မှန်သော သစ္စာ စကားဖြစ်၏။ ဒါကြောင့် ကျွနုပ်တို့ အမှုတော်ဆောင်တို့ ၏ ဘ၀အစသည် အတ္တကြီးသူများ၊ မိမိကိုယ်ကို အထင်ကြီးတတ်သူများ၊ လူတွေကို ရိုက်နှက်တတ်သူများ၊ ဘိန်းစားများ၊သူခိုးများ၊ ကာမတပ်မက်သူများ၊ လောင်းကစားသမားများ၊ သူတော်ကောင်းယောင်ဆောင်တတ်သူများ၊ စသော အကျင့်စရိုက် အမျိုးမျိုးမှ ဘုရားသခင်သည် ပစ်မထားပဲ၊ မေတ္တာတော် လက်တော်အားဖြင့် ဆွဲခေါ်၍ ဘိသိတ်ပေး အသုံးပြုကြောင်း၊ အပြစ်များပြား ကြီးမားလှသော ကျွန်တော့်ဘ၀၏ လက်တွေ့ ပင် ဖြစ်သည်။

ဘုရား၏မေတ္တာကြောင့် တန်ခိုးကြောင့်သာလျှင် လူအပေါင်းအရှေ့ ၊ ပလ္လင်၌ ထိုင်ပြီး ဘုရား၏ သမ္မာတရားကို ဝေမျှနိုင်ကြခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ထိုအမှုတော်ဆောင်တို့ ဟာ ကမ္ဘာကို ဖျက်ဆီးမဲ့ ဖုတ်ကောင်ပိုးရွကဲ့သို့ ဖြစ်ပါတယ်။ ဘုရားကထိုသူတို့ ၏ အသက်တာကို ပြောင်းလဲစေပြီး ကမ္ဘာကို အကျိုးပြုတဲ့ ဘုရား၏စေတမန်များအဖြစ် ပို့ ဆောင်ခဲ့ပါတယ်။

ဒါကြောင့် ဘုရားဘိသိတ်ပေးထားတဲ့ ဓမ္မအမှုတော်ဆောင်တိုင်းကို မငြူစူကြပါနှင့်။ အပြစ်မမြင်ကြပါနှင့် အားပေးကြပါ။ ကူညီကြပါ။ ထောက်မကြပါ။ ဆုတောင်းပေးကြပါ။ ဘုရားသခင်၏ ဘုန်းတော်အတွက် ရှေ့ တန်းက ဦးဆောင်သူများ ဖြစ်ကြပါတယ်။ နောက်တန်းမှာရှိတဲ့ အထောက်အမမျိုးစုံ မရှိလျှင်လည်း ကြောက်တတ်တဲ့ အမှုတော်ဆောင်တွေမဟုတ်ပါဘူး။ အသေခံ၍ အမှုကို ဆောင်ကြမဲ့ ယခင်အသက်တာမှ မိုက်မဲမှု အပြည့် ရှိကြတဲ့ သူတွေဟာ ယခုဘုရား အမှုတော် အတွက် သတ္တိအပြည့် ရဲရင့်သောသူများ ဖြစ်ကြပါတယ်။

ကျွန်ုပ်တို့ အမှုတော်ဆောင်တွေ ဘယ်လောက်ဆိုးတာ ပြောစရာ မလိုပါဘူး။ မိတ်ဆွေတို့ ပြောကြတဲ့ အရာထက် ဆိုးတဲ့ သူတွေပါ။ လက်ရှိ ဓမ္မအမှုတော်ဆောင်တွေဟာ ဇာတိနောက်ကြောင်း မမေ့လို့ သာလျှင် အမှုတော်ဆောင်ဘ၀မှာ ထပ်ဆင့် ဆိုးရွားနေကြခြင်း ဖြစ်ပါတယ်။ လောတမသားကဲ့သို့ ထွန်တုံးကိုင်ပြီး နောက်လှည့်ကြည့်နေကြလို့ သာ အသင်းတော်၌ မလုပ်သင့်တာတွေ လုပ်နေကြခြင်း ဖြစ်ပါတယ်။ အမှုတော် ဆောင်တွေရဲ့ မှားယွင်းမှုအပေါ် စကားအားဖြင့် မမှားယွင်းကြပါနှင့်။ ဘုရားက သူတို့ ကို ရွေးကောက်ထားတဲ့အတွက် ဘုရားကိုယ်တိုင်ကောင်းကောင်း ဆုံးမမှာ ဖြစ်ပါတယ်။ ဘုရားအလိုတော်ကို မလိုက်ပဲ မိမိအလိုအတိုင်း လုပ်ဆောင်နေကြတဲ့ ဘုရားစကားကို ဆန့် ကျင်ကြတဲ့ အမှုတော်ဆောင်များစွာဟာ ငရဲသွားရကြောင်းလည်း ကျမ်းစာ၌ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် အမှုတော်ဆောင်များကို အားပေးထောက်မကြပါ။ လိုအပ်သင့်သည်ထက် ပို၍ အားမပေးပါနှင့်။ အမှုတော်ဆောင်များကိုလည်း အရမ်းမချီးမွမ်းကြပါနှင့်။ အောက်ခြေလွတ်သွားနိုင်ပါတယ်။ မိမိအား ချီမွမ်းမှုကို ကြိုက်နှစ်သက်သော အမှုတော်ဆောင်ဟာ တော်တော့်ကို များပြားနေပါတယ်။ ဒါကြောင့် အမှုတော်ဆောင်များရဲ့ ရှေ့ မှာ သိပ်မချီးမွမ်း ကြပါနှင့်။ အမှုတော်ဆောင်များ၏ရှေ့ မှာ ဘုရား၏ပြုသော အမှုကို ချီးမွမ်းကြပြီး၊ နောက်ကွယ်မှသာလျှင် အမှုတော်ဆောင်များကို ချီးမွမ်းတတ်ကြပါလေ။

မိမိအသင်းတော်မှာ ရှိသော အမှုဆောင်ကိုသာ မချစ်ကြပါနှင့်။ တစ်ခြားအသင်းတော် အဖွဲ့ အစည်း အသီးသီး၌ ရှိကြသောအမှုတော်ဆောင်များအားလည်း ချစ်ခင်မြတ်နိုးကြပါ။

အမှုတော်ဆောင်ထဲမှ အမှုတော်ဆောင်ဖြစ်တဲ့ ကျွန်တော့်ကိုလည်း ချစ်ကြပါ။ အားလုံးကိုလည်း ကျွန်တော်ချစ်ပါတယ်။

”လူမိုက်ကြီးများ ဖြစ်ခဲ့ကြသော ကျွန်တော်တို့ အမှုတော်ဆောင်များကို ချစ်ကြပါ“

အဲ့ဒီ လူမိုက်ကြီးများဟာ အရင်က မိမိအန်ခဲ့သော အန်ဖတ်ကို ပြန်စားတတ်ကြပါတယ်။ အန်ဖတ်စားတာကို မြင်ကြတဲ့အခါ ဆုတောင်းပေးကြပါ။ ၀ိုင်းဝန်းဖေးမ ကူညီကြပါ။ ထိုသို့ အချင်းချင်း ထောက်မကြမည်ဆိုလျှင် ထိုသူတို့ ဟာ စားထားတဲ့ အန်ဖတ်ကို ပြန်အန်ပြီး အင်အားအပြည့်ဖြင့် ယခင်ထက် ရဲရင့်အား ကြီးစွာ အမှုတော်ကို ဆောင်ရွက်ကြမည် ဖြစ်၏။

အချုပ်မှာ---

ဘုရားရွေးကောက်သူတို့ သည် -- ပြည့်တန်ဆာများ၊ အခွန်ခံများ၊ တံငါသည်များ၊ နွားကျောင်းသာများ၊ သိုးကျောင်းသားများ၊ အင်အားချိနဲ့ သူများ၊ ပညာမတတ်သူများ၊ ဆင်းရဲနွမ်းပါးသူများ၊ လောကီပညာ၌ မိမိကိုယ်ကို အထင်ကြီးသူများ ဖြစ်ကြ၏။

ဒါကြောင့် ဘုရားက မိမိအားအမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးကောက်ထားပါက ဘုရားသခင်ကို ချစ်ကြောက်ရိုသေကိုးစားနားထောင်ပါ။

ဘုရားက မိမိအား အမှုတော်ဆောင်များအား တစ်ဖက်တစ်လမ်းမှ ကူညီမစထောက်မဖို့  ရွေးကောက်ထားလျှင် ဘုရားကို ချစ်ကြောက်ရိုသေပြီး အပြည့်အ၀ အမှုတော်ဆောင်များကို ထောက်မကြပါ။

ယနေ့ သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား ရှိနေသောကာလတွင် ဘုရားသခင်သည် ယုံကြည်သူတိုင်းအား သူ့ နေရာနှင်သူ ရွေးကောက်ထားခြင်း ဖြစ်၏။ ဒါကြောင့် မိမိနေရာ၌ မိမိဘာလုပ်ရမည့် အပေါ်မှာသာ ပြည့်ဝစွာ အာရုံစိုက်ကြပါလေ။ တစ်ပါးသူ၏ အလုပ်ကို ဝေဖန်ရှုတ်ချခြင်းမလုပ်ကြနှင့်။

မိမိကိုဘုရားရွေးကောက်ထားသောနေရာ၌ သစ္စာရှိရှိဆောင်ရွက်တတ်ခြင်းသည် တစ်ပါးသူအား စစ်မှန်စွာ ပြည့်ဝစွာ ကူညီထောက်မတတ်ခြင်း ဖြစ်၏။ မိမိနေရာ၌ သစ္စာမရှိပဲ တစ်ပါးသူအား ကူညီတတ်ခြင်းသည် ကူညီရာမရောက် ဖျက်ဆီးရာ ရောက်တတ်၏။ မယုံလျှင် စမ်းကြည့်ပါ။

ဆရာစောသူရ (ဘားအံ)

ဖွင့်ထားသောတံခါးနှင့်ပိတ်ထားသောတံခါများ

ဖွင့်ထားသောတံခါးကို ဘယ်သူမှမပိတ်နိုင်၊ ပိတ်ထားသောတံခါးကို ဘယ်သူမှမပိတ်နိုင်။

ယနေ့ကျမ်းချက်
သင်၏ အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အား ရှိသည်နှင့်၊ ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။ (ဗျာဒိတ် ၃း၈)

ဘုရားသခင်သည် အခွင့်အရေးပေါ်လျှင် ကျွန်ုပ်တို့ရှေ့ တခါးများကိုဖွင့်ပေးသည်။ ထိုအခါ မည်သူမှလာ၍မပိတ်နိုင်ပါ။ သို့သော် တခါတရံ ဘုရားသခင်သည် မိမိရှေ့မှတံခါးများကို  မိမိကို  စတိုခန်းတွင်း ကောင်းမွန်စွာ သိုသိမ်းထားသကဲ့သို့ ပိတ်ထားလိုက်သည့်အခါများ တခါတရံဖြစ်မည်။ သင့်မှာ အကြံအစည်တခုရှိသော်လည်း ဘုရားသခင်က သူ့အကြံမဟုတ်သောကြောင့် လုပ်ခွင့်မပေးပါ။ အခုဒီလိုဖြစ်နေတယ် ဆိုပေမဲ့ နောက်တခါ ဒီလိုအတိုင်းဖြစ်ချင်မှ ဖြစ်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုသာ ယုံကြည်အားကိုးမှုဖြင့် နှလုံးတံခါးဖွင့်ကာ စောင့်နေရပေမည်။ သင်သည် အမြင်ကျဉ်းသူတစ်ဦးဆိုပါက သင့်ရှေ့တံခါး ပိတ်နေသည်ကိုပဲ မြင်မိပြီး၊ သင့်နောက်ကတံခါး ပွင့်လာသည်ကို မမြင်ပဲ ဖြစ်သွားနိုင်ပါသည်။

မိတ်ဆွေ။ သင့်ရဲ့အကြံအစဉ်အတိုင်း ဘုရားသခင်ကို ယုံကြည်အားကိုးမှုဖြင့် လုပ်သွားနိုင်သောအခါ ဘုရားသခင်သည် တံခါးများပွင့်နေသည်ကို မြင်စေပါသည်။  နှုတ်ကပတ်တော်သည် လမ်းခရီးအတွက် မီးခွက်အလင်း ဖြစ်သည်ဟု ကျမ်းစာကပြောသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်နှလုံးကိုဖွင့်ပြီး ဘုရားသခင်ကို ယုံကြည်အားကိုးရမည်။  ဘုရားသခင်... ကျွန်ုပ်ရှိသမျှစွန်လွှတ်ပါပြီ .. ဟု စိတ်သဘောထား ရှိရမည်။ ဘုရားသခင်ရဲ့လမ်းခရီး ကျွန်တော့ဘ၀ဖြစ်ပါစေ ကွန်ုပ်ဘုရား၏အချိန်ကို ယုံကြည်ပါသည်။ ဘုရားသခင်ပြုတဲ့လမ်းအတိုင်း ယုံကြည်စိတ်ချစွာ လိုက်နာပါမည် .. ထိုသို့ဆုံးဖြတ်ပြီးနောက် ပွင့်သွားသောတံခါးကို ကြည့်လိုက်ပါ။

ဆုတောင်းချက်
အဘ ဘုရား၊ ကျွန်ုပ်ခြေလှမ်းကို အမိန့်ပေး၊ လမ်းပြမှုအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ရှေ့က တံခါးပိတ်သွားလျှင်လဲ ဘုရားသခင်ကို ယုံကြည့်စိတ်ချဖို့ ရွေးချယ်ပါမည်။ ကျွန်ုပ်အတွက် အကောင်းဆုံးလုပ်ပေးမည်ဟုလည်း ယုံကြည်ပါသည်။ ကျွန်ုပ်အသင့်ဖြစ်နေပါပြီ၊ မတ်တပ်ရပ်လျှက် ဘုရားသခင်က တံခါးအဖွင့်ကို စောင့်ကြည့်လျှက်ရှိပါသည်။

အာမင်...
>>http://www.murann.com/ezine/index.php?option=com_content&view=article&id=1645:2013-05-21-14-39-23&catid=5:dailyhope&Itemid=6<<

Monday, May 13, 2013

Happy birthday mom!

ဒီနေ့မှာ.. ကျွန်တော့်ရဲ့ အမိုး အသက် ၅၀ ပြည့်သွားပါပြီ... ကျွန်တော့်ကို.. ဒီလောကမှာ.. ကျွန်တော်ရယ်လို့ ဖြစ်လာအောင် ... မွေးဖွားပေးခဲ့ရုံမက... အခုလို အသက်အရွယ်.. အခုလို အနေအထားအထိ... ကျွေးမွေး ပြုစုစောင့်ရှောက်လာခဲ့တဲ့.. အမိုးကို... ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိပါတယ်... အင်တာနက်မသိ... ကွန်ပျူတာမသိ.. Facebook မသိ.. google မသိ.... နိုင်ငံရေးမသိ.. ပဋိပက္ခတွေမသိ... ဘာမှမသိ... ပကတိ ဖြူစင်ရိုးသားတဲ့.. အမိုး.. ယနေ့.. အသက် ၅၀ မှသည်... နောက် နှစ်ပေါင်းများစွာ.. ချစ်လှစွာသော သားသမီးတွေနဲ့... ကျန်းကျန်းမာမာ.. ပျော်ပျော်ရွှင်ရွှင်... နေထိုင်သွားနိုင်ပါစေလို့.. ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်....
ချစ်သားကြီး

Sunday, May 12, 2013

သမ္မာကျမ်းစာအုပ်အကြောင်း (၄)

 
သခင်ယေရှုချီဆောင်ခြင်းခံရသည့် နောက်ပိုင်းအဖြစ်အပျက်များကို လေ့လာခြင်း

သခင်ယေရှု ကောင်းကင်သို့ချီဆောင်ခြင်းခံရပြီးနောက်ပိုင်းတွင် ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းအရပ်ဒေသမှတဆင့် အာရှမိုင်းနားနှင့်ဥရောပတခွင်လုံးသို့ ပြန့်နှံ့သွားသည်။ ပေါလု ဆို...သူသည် ခရစ်တော်၏နောက်လိုက်ယုံကြည်သူခရစ်ယာန်ဘာသာဝင်များကို လိုက်လံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်သူ တစ်ယောက်ဖြစ်သည်။သူသည် ယခုခေတ်ဆီးရီးယားနိုင်ငံ ၏မြို့တော်ဖြစ်သော ဒမတ်စကတ် မြို့သို့ခရစ်ယာန်ဘာသာဝင်များကိုညှင်းပန်းနှိပ်စက် ရန်အသွား၊လမ်းခုလတ်တွင် လွန်ခဲ့သည့်နှစ်အနည်းခန့်ကသေခြင်းကိုအောင်မြင်ခဲ့သည်ဟု
သူလုံးဝမယုံကြည် လက်မခံခဲ့သောခရစ်တော်နှင့်တွေ့ပြီး၊ ပြောင်းလဲသွားသည်။ 

အချိန်ကား အေဒီ ၃၅ ခုနှစ်ပတ်ဝန်းကျင်တွင်ဖြစ်သည်။

 ပေါလုကို အာရှမိုင်းနားတခွင်နှင့် အီတလီနိုင်ငံ ရောမမြို့အထိ ခရစ်တော်၏ကယ်တင်ခြင်း

သတင်းကောင်းကို ပြန့်နှံ့သွားရန် အဓိကစွမ်းဆောင်နိုင်ခဲ့သည့်သူတစ်ဦးအဖြစ် ဘုရားသခင်က အသုံးပြုခဲ့သည်။ သူသည်ရောမ မြို့တွင် ထောင်သွင်းအကျဉ်းချခံနေရသည့်အချိန်မှာပင် အသင်းတော်သစ်ကလေးများကို အားပေးသွန်သင်လမ်းညွန်သည့် ပေးစာမြောက်များစွာ(ရောမ၊ ကောရိန္တု(ပ)၊ ကောရိန္တု(ဒု)၊ ဂလာတိ၊ ဧဖက်၊ ဖိလိပိ၊ ကောလောသဲ၊ သက်သာလောနိတ်(ပ)၊ သက်သာလောနိတ် (ဒု)၊ တိမောသေ(ပ)၊ တိမောသေ (ဒု)၊တိတု၊ ဖိလေမုန်)ကိုရေးသားခဲ့သည်။

ပေါလုကို အေဒီ ၃၇ (သို့) ၃၈ ပတ်ဝန်းကျင်တွင် ခရစ်ယာန်ဘာသာဝင်မြောက်များစွာကို သတ်ဖြတ် နှိပ်စက်ခဲ့သူ ရောမဘုရင်ကြီး နီရိုး (Nero) ၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံရသည်။ အေဒီ ၇ဝ ခုနှစ်တွင်ရောမဘုရင်ကြီး တိုင်းတပ်(စ်)ကဂျေရုရှလင်တမြို့လုံးကိုစိစိမွကျေအောင်တိုက်ခိုက် ဖျက်စီးပြစ်လိုက်သည်။

သခင်ယေရှုသက်တော်ထင်ရှားစဉ်က ယေရုရှလင်မြို့ကြီးတစ်နေ့တွင် ဤကဲ့သို့ဖျက်စီးခံရမည့်အရေးကို ကြိုတင်မိန်မှာခဲ့ဘူးသည်ကို (မသဲ ၂၄း၁-၂)တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

သခင်ယေရှုသက်တော်ထင်ရှားစဉ် ဟေရုဒ်ဘုရင်ကြီးက စတင်တည်ဆောက်ခဲ့သော

ဂျေရုရှလင်မြို့ဘုရားကျောင်းကြီးသည် (၁၈) လအတွင်းအခြေခံအုတ်မြစ်နှင့် အကြမ်း ပြီးစီးခဲ့သော်လည်း၊ အပြီးသတ်အချောကိုင်ခြင်းကို အေဒီ(၆၇)ခုနှစ် မှပြီးစီးခဲ့သည်။ သို့သော်ဘုရားကျောင်းကြီးကိုပြီးစီးပြီး သုံးနှစ်အကြာတွင် လုံးဝဘာမျှမကျန်တော့သည်အထိ ပြန်၍ ဖျက်စီးချေမွခံရခြင်းဖြစ်သည်။

သမ္မာကျမ်းစာ၏နောက်ဆုံးအခန်းနှင့် ဓမ္မသစ်ကျမ်း၏အနာဂတ်တွင်ဖြစ်ပျက်မည့် အကြောင်းအရာတို့ကို ကြိုတင်နိမိတ်ဖော်ပြသည့် တစ်ခုတည်းသော အခန်းဖြစ်

သော ဗျာဒိတ်ကျမ်းကို အေဒီ ၉၆ ခုနှစ်တွင် ခရစ်တော်၏တမန်တော်တပါးဖြစ်သည့်ရှင်

ယောဟန်အား သခင်ယေရှုက ကောင်းကင်တမန်ကိုစေလွတ်ကာဖော်ပြရေးသား

စေခဲ့သည်။ (ဗျာဒိတ် ၁း၁-၂၊ ဗျာဒိတ် ၂၂း၈)။ ရှင်ယောဟန်သည်အေဒီ(၉၅) ခုနှစ်တွင်

ရောမဘုရင်ဒိုမီတီယန်၏ ခရစ်ယာန် အသင်းတော်များကိုဖိနှိပ်မှုအစီအစဉ်ဖြင့် ပတ်မုတ်ကျွန်း

(Patmos Island) သို့နယ်နှင်ခံရသည်။ နောက်နှစ်ဖြစ်သော အေဒီ (၉၆) ခုနှစ်တွင် လွတ်မြောက်ခဲ့ပြီး ဧဖက်မြို့သို့ပြန်ခွင့် ရခဲ့သည်။ ဗျာဒိတ်ကျမ်းကိုဧဖက် မြို့တွင်ရေးသားခဲ့ပြီး၊ အင်္ဂလိပ်ကျမ်းစာအုပ်၏သဒ္ဒါအရေးအသားနှင့် အသုံးအနှုံးများ ကိုလေ့လာကြည့်ခြင်း အားဖြင့် အတိတ်ကာလ (သို့) ပတ်မုတ်ကျွန်းတွင် ဖော်ပြခြင်းခံခဲ့ရသည့်အကြောင်းအရာ များကို ပြန်ရေးခြင်းဖြစ်သည်ကို သိရှိနိုင်သည်(ဗျာဒိတ် ၁း၉)။

ဤဆောင်းပါး၏ အစပိုင်းတွင်ဖော်ပြထားသကဲ့သို့ သမ္မာကျမ်းစာအုပ်များကို ရေးသားပြုစုရန် နှစ်ပေါင်း ၂ဝဝဝ ခန့်ကြာခဲ့ပြီး လူတစ်ဦးတစ်ယောက်တည်းက ရေးသားခြင်းမဟုတ် သော်လည်း၊ သမ္မာကျမ်းစာ၏ပထမအခန်းဖြစ်သည့် ကမ္ဘာဦးကျမ်းနှင့် နောက်ဆုံးအခန်း ဖြစ်သည့် ဗျာဒိတ်ကျမ်းတို့သည် စနစ်တကျစီကုံးရေးသီထားသောရာဇ၀င် (သို့) ဇတ်လမ်း တစ်ပုဒ်၏နိဒန်းနှင့် နိဂုံးလိုက်လျောညီ ထွေရှိသကဲ့သို့ တိကျမှန်ကန်လွန်းလှစွာဖြင့် လိုက်လျောညီထွေရှိသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် သမ္မာကျမ်းစာအုပ်သည် ဘုရားသခင် ခန့်အပ်ထားတော်မူသော လူသားများက သူ့နေရာနှင့်သူ၊ ကျရာအခန်းကဏ္ဍာ၌ ဘုရားခိုင်းသည်အတိုင်းရေးသားထားသော ကျမ်းစာအုပ်ဖြစ်ပါကြောင်းဖော်ပြလိုက်ရပါသည်။

စာဖတ်သူမိတ်ဆွေပေါင်း သမ္မာကျမ်းစာအုပ် အကြောင်း နားလည်နိုင်သော နှလုံးကို ဘုရားရှင်

မှချပေးသနားတော်မူပါမည့်အကြောင်း ဆန္ဒပြုဆုတောင်းပေးရင်း………။


ခရစ်တော်၏နာမတော်မြတ်၌

သောင်းနိုး (TN)

မှတ်ချက် (internet မှ website နှင့် e-mail များ၊ Wikipedia၊ Bible Society၊ New World Encyclopedia ၊ သမ္မာကျမ်းစာအုပ် များမှကောက်နှုတ် ကိုးကားတင်ပြထားပါသည် )

သမ္မာကျမ်းစာအုပ် အကြောင်း (၃)



 
ဓမ္မသစ်ကျမ်းစာခေတ်မှအဖြစ်အပျက်များကိုလေ့လာခြင်း (၁)

ခရစ်တော် မွေးဖွါးသည့် ဓမ္မသစ်ကျမ်း ခေတ်မတိုင်ခင် နှစ်ပေါင်း ၃ဝဝ ခန့်ကို ပြန်ကြည့် မည်ဆိုပါက တိုင်းတပါး လူမျိုးခြားတို့၏ ကျုးကျော်သိမ်းပိုက်မှု ကိုဆက်တိုက် ခံရသည်။ ဂရိတို့၏လက်အောက်ခံဘဝတွင်...ဆိုလျှင်ဂရိယဉ်ကျေးမှု နှင့်ထုံးတမ်းစဉ်လာစာပေတို့ကို အတင်းအဓမ္မသွတ်သွင်းခြင်းကိုခံရသည်။ ထို့ကြောင့်ခရစ်တော်မွေးဖွါး သည့်အချိန်တွင် အစ္စရေးလ်လူမျိုးတို့သည် လွတ်လပ်ရေးကိုအလွန်လိုချင်တမ်းတနေသည့်အချိန်ဖြစ်သည်။

ဤကဲ့သို့သော နိုင်ငံရေးအခြေအနေတွင်ခရစ်တော်မွေးဖွါးလာသဖြင့် ခရစ်တော်၏နောက်လိုက်တမန်တော် ယုဒရှကာရုတ်မှအစ ဂျုးလူမျိုးအတော်များများသည် ခရစ်တော်အားဝိညာဉ်ရေးရာကယ်တင်ပိုင်ရှင် အဖြစ်ထက် အစ္စရေးလ်နိုင်ငံအား တိုင်းတပါး တို့လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင် တိုက်ခိုက်ပေးမည့်သူရဲကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကြီးဟု ထင်မြင်ခံယူခဲ့ကြသည်။ အချို့သော

ပညာရှင်များ၏ ထင်မြင်ချက် အရ ယုဒရှကာရုတ်သည်သခင်ယေရှုကိုအဓိပ္ပါယ်မဲ့စွာဖြင့် သစ္စာဖောက်ခြင်းမဟုတ်ဘဲ သခင်ယေရှုအဖမ်းခံရမှ သူ၏တန်ခိုးများကိုပြကာ အစ္စရေးလ် နိုင်ငံလွတ်လပ်ရေးရရန် မဟာတော်လှန်ရေးကြီးကို စတင်မီးမွေးမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ပြသနာကိုဖန်တီးရန် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ အစ္စရေးလ် နိုင်ငံ၏သမိုင်းကိုပြောင်းလည်းရန် ရည်ရွယ်ချက်ဖြင့် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်တွေ့တွင်သခင်ယေရှုသည် သူထင်သကဲ့သို့ အစ္စရေးလ် နိုင်ငံ၏ နိုင်ငံရေးတော်လှန်ရေး

ခေါင်းဆောင်မဟုတ်ဘဲ၊ လူသားထုတရပ်လုံး၏ ဝိညာဉ်ရေးကယ်တင်ရှင်ဖြစ်နေသဖြင့်မှန်းချက်နှင့်နှမ်းထွက် မကိုက်ဘဲ နောက်ဆုံး ယုဒရှကာရုတ်ခမျာ သူ့ကိုယ်သူအဆုံးစီရင်ခဲ့သည်အထိ ဖြစ်သွားခဲ့သည်။

ခရစ်တော်မွေးဖွါးသည့်အချိန်မှစပြီး လေ့လာမည်ဆိုလျှင် ခရစ်တော်ကို ယောသပ်နှင့်မေရီတို့

မှဗက်လင်မြို့တွင် မွေးဖွါးခဲ့သည်။ ခရစ်တော်မွေးဖွါးခဲ့သည့်အချိန်၌ ဘုရားသခင်က ဤညတွင်

ကယ်တင်သောအရှင်သည် ဒါဝိဒ်မြို့တွင် သင်တို့အဖို့အလိုငှါ မွေးဖွါးပြီဟု ကောင်းကင် တမန်များမှတဆင့် သိုးကျောင်းသားများနှင့် အရှေ့ပြည်မှ ပညာရှိများထံတွင် အသိပေးကြေညာခဲ့သည်။

 ဟေရုဒ်မင်းကြီးနတ်ရွာစံသောအခါ သားသုံးယောက်က နိုင်ငံကိုသုံးခြမ်းခွဲကာ ရောမတို့၏ လက်အောက်ခံကိုလိုနီအဖြစ်ဖြင့်ပင် မင်းလုပ်ကြီးစိုးကြသည်။ နှစ်ခြင်းဆရာယောဟန်က သူ့နောက်ကြွလာမည့်အရှင်၏ အကြောင်းကိုကြိုတင် ဟောပြောခဲ့သည်။ ဟေရုဒ် (Herod the Great) ၏ သားသုံးယောက်ထဲတွင် တစ်ယောက်ဖြစ်သည့် ဟေရုအင်တီပါ (Herod Antipas) က သမီးတော်အား တောင်းလိုသောဆုကိုပေးပါမည်ဟု ပေးခဲ့မိသော ကတိတော်အရ၊ သမီးတော်၏တောင်းဆိုချက်ဖြင့် နှစ်ချင်းဆရာယောဟန်ကိုခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

 သခင်ယေရှုသည် သူ၏သုံးနှစ်ကြာသည့် အမှုတော်ကိုစတင်သည်။ သုံးနှစ်အတွင်းနိုင်ငံ

တော်နှင့်ဖြောင့်မတ်ခြင်းအကြောင်း ဟောပြောခဲ့ပြီး၊ ထူးဆန်းသောနိမိတ်လက္ခဏာများ

လုပ်ပြခြင်းအားဖြင့် ဘုရား၏တန်ခိုးကိုပြခဲ့သည်။ သူ၏သုံးနှစ်တာလုပ်ဆောင်ချက်များသည် ကမ္ဘာ့သမိုင်းနှင့် လူနေမှုစနစ်တစ်ခုလုံးကို ထာဝရ ပြောင်းလဲစေခဲ့သည့်အဖြစ်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ချေ။ လူတိုင်းကို ကိုယ်နှင့်အမျှချစ်ရန်နှင့်ရန်သူကိုပင်ချစ်ရန် သွန်သင်ဟောပြောခဲ့သည်။သင်၏ပါးတစ်ဖက် အရိုက်ခံရလျှင် နောက်ပါးတစ်ခြမ်းကိုပါ အရိုက်ခံပါဟူ၍ ၄င်း သင်၏အဝတ်တစ်ထည်ကိုအတင်းအဓမ္မအလုခံရလျှင် နောက်တစ်ထည်ကိုပါ ပေးလိုက်ပါဟူ၍ ၄င်း၊အနိုင်ကျင့်သည့်အနေဖြင့် တမိုင်ခရီးကို လမ်းလျှောက်စေခြင်းကိုခံရလျှင် နောက်ထပ်တစ်မိုင်ပင်လျှောက်လိုက်ပါဟူ၍၄င်း၊ ဟောပြောခဲ့ရာ

ထိုခေတ်ကလူများအဖို့အလွန်ထူးဆန်းသည့် တရားဒေသနာတော်များဖြစ်ခဲ့သည်။

 သေခြင်းတရားကိုရင်ဆိုင်ရန်အတွက်ယေရုရှလင်မြို့သို့ ထွက်သွားခဲ့သည်။ “သူ့ကိုယ်သူ ဘုရားဖြစ်ပါသည် ဟုပြောခြင်းဖြင့် ဘုရားသခင်ကိုစော်ကားသည်” ဟူသော စွဲချက်အတင်ခံရပြီးနောက် ကားတိုင်တွင်အသတ် ခံရသည်။ အသတ်ခံရပြီးအစ္စရေးလ်လူမျိုး တို့၏ ထုံးစံအတိုင်း သချိုင်းအုတ်ဂူတစ်ခုတွင် ခန္ဓာကို င်္သဂြိုလ်သည်။ သူအသတ်မခံရခင် အချိန်များတွင် တစ်ချိန်တွင် သူအသတ်ခံရမည်ဖြစ်ကြောင်း၊ သို့သော် သုံးရက်မြောက်သောနေ့ တွင် ပြန်ရှင်နိုးထမည်ဖြစ်ကြောင်းမိန့်မှာခဲ့ဘူးသဖြင့် သူ၏အလောင်းတော်ကို

နောက်လိုက် များကခိုးယူပြီး သခင်ယေရှုပြန်ရှင်နိုးထလာပြီ၊ အလောင်းမရှိတော့ဘူးဟု အကြံအဖန်လုပ် မည်ကို စိုးရိမ်သောကြောင့် င်္သချိုင်းအုတ်ဂူဝကို အလွန်ကြီးမားသည့် ကျောက်တုံးကြီးတစ်လုံး ဖြင့် ပိတ်ထားရုံမက ရောမစစ်သားများက၂၄ နာရီအချိန်ပြည့်အစောင့်ချထားသည်။ သို့သော်ထိုကျောက်တုံးကြီး နှင့် ထိုအစောင့်စစ်သားများက သခင်ယေရှုပြန်ရှင်နိုးထလာမည့် အဖြစ်ကို မည်သို့မျှ တားဆီးနိုင်စွမ်းမရှိပါ။ သုံးရက်မြောက်နေ့တွင်သခင်ကြိုတင်မိန့်မှာ ခဲ့သည့်အတိုင်း ပြန်ရှင်နှိုးထလာသည်။ ထို့နောက်လူတစ် ယောက်နှစ်ယောက်မျှကိုသာ မဟုတ်ဘဲ လူပေါင်းမြောက်များစွာနှင့်အတူ စားသောက်၊ သွားလာ၊ နေထိုင်တရားဟောခြင်း အားဖြင့် သူအမှန်တကယ်ပြန်ရှင်ခဲ့ကြောင်း လူသားများကိုသက်သေပြခဲ့သည်။

 သူ၏နောက်လိုက်တမန်တော်များကို နောက်ဆုံးမှာကြားသွားခဲ့သည်မိန့်မှာချက်

မှာ ”ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံ

ရပြီ၊ သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊

သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှ

သောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း

ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟူ ဖြစ်သည်။

ထို့နောက်ယုံကြည်သူလူများစွာတို့၏မျက်စိရှေ့မှာပင် ကောင်းကင်သို့ ချီဆောင်ခြင်းကို

ခံရသည်။

(ဆက်လက်ဖော်ပြပါမည်)

 နာမတော်မြတ်၌

 သောင်းနိုး

သမ္မာကျမ်းစာအုပ် အကြောင်း (၂)

ဓမ္မဟောင်းကျမ်းမှ အဖြစ်အပျက်များကို လေ့လာခြင်း။

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း တို့ကို ဖန်ဆင်းတော်မူပြီး ပထမဦးဆုံးသော လူသားဖြစ်သည့် အာဒံနှင့်
ဧဝတို့ကို လည်း ဖန်ဆင်းတော်မူ ၏။ အာဒံ နှင့် ဧဝ သည် ဧဒင်ဥယျဉ်ထဲတွင် ပေ...ျာ်ရွင်စွာ နေထိုင်ခဲ့ကြသော်လည်းစာတန်၏လှည့်ဖျားမှုကြောင့် ဘုရားသခင်ကမစားရဟုတားမြစ်ထားသော အသီးကိုစားခြင်းအားဖြင့် လူသားအားလုံး အပြစ်နံွံထဲသို့ ကျရောက်သွားခဲ့ကြသည်။

အပြစ်များလွန်းသောကြောင့်ရေဖြင့်ဆေးကြောရန်အတွက် တကမ္ဘာလုံး ရေလွမ်းစေခဲ့သည်။ ဘုရားကိုချစ်သော နောဧနှင့်မိသားစုသာ ရေဘေးမှလွတ်မြောက်ခဲ့သည်။ (Babel) မျှော်စင်ကိုတည်ဆောက်ပြီးဘုရားသခင်ကိုအမှီပြိုင်ဆိုင်ရန် ကြိုးစားလာကြသော လူသားများကိုဘာသာစကား ကွဲပြားစေခြင်းအားဖြင့် နောက်ဆုံးတွင် ဘုရားသခင်က တစ်ကမ္ဘာလုံးသို့ဖြန့်လိုက်သည်။

အာဗြဟံအား နိုင်ငံသစ်တစ်ခု၏ဖခင်ကြီးဖြစ်စေမည်ဟုကတိတော်ပေးပြီး၊ ၄င်း၏မွေးရပ်ဌါနေမှမည်သည့် အရပ်ဟုအသေအချာမသိသေးသောအရပ်သို့ ထွက်ခွါစေခဲ့သည်။ အချိန်ကား၊ ခရစ်တော်မမွေးဖွါးခင်နှစ် ပေါင်း၁၈ဝဝ ပတ်ဝန်းကျင်ခန့်။ အာဗြဟံ၏သား ယာကုပ်ခေါ် အစ္စရေးလ်တွင် သား ၁၂ ယောက်ရှိပြီး၊ မျိုးနွယ်စု ၁၂ စုရှိသည့်အစ္စရေးလ်လူမျိုးတို့၏ ဖခင်ကြီးဖြစ်လာသည်။ အစ္စရေးလ်၏သားယောသပ် (Joseph) သည်သူ့ အကိုများ၏ ရောင်းစားခြင်းကိုခံရပြီး အဲဂုတ္တု ခေါ်အီဂျစ်နိုင်ငံတွင်နိုင်ငံအကြီးအကဲ တစ်ဦးဖြစ် လာသည်။ မိုးခေါင်ရေရှားမှုကြောင့် ယောသပ်၏ဖခင်အစ္စရေးလ်နှင့် ကျန်ရှိနေသေးသည့်ညီအစ်ကို ၁၁ ယောက် သည်လည်း အီဂျစ်နိုင်ငံသို့လာရောက်နေထိုင်ကြသည်။ ယောသပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် အစ္စရေးလ်လူမျိုးများသည် အီဂျစ်လူမျိုးတို့၏ ကျွန်သဘောက်ဘဝဖြင့်အီဂျစ်နိုင်ငံတွင်နှစ်ပေါင်း ၄ဝဝ ခန့်နေထိုင်ခဲ့ကြသည်။ ဤအချိန်ကားခရစ်တော်မပေါ်ခင်နှစ်ပေါင်း ၁၂၅ဝ ပတ်ဝန်းကျင်ခန့်ကဖြစ်သည်။

 အစ္စရေးလ်လူမျိုးများကိုအမျိုးဖြုတ်ရန်ဟူသော အစီအစဉ်ဖြင့် မွေးဖွါးလာသည့် အစ္စရေးလ်လူမျိုးယောင်္ကျားလေးတိုင်းကို အီဂျစ်ဘုရင်၏အမိန့်ဖြင့် သတ်ပြစ်သော်လည်း မောရှေ (Moses) သည် လွတ်မြောက်လာခဲ့ရုံမက ဘုရင့်သမီးတော်၏မွေးစားခြင်းကိုခံရသည်။ မောရှေ၏ခေါင်းဆောင်မှုဖြင့်အစ္စရေးလ် တစ်မျိုးသားလုံး အီဂျစ်လူမျိုးတို့၏ ကျွန်ဘဝမှ လွတ်မြောက်လာကြပြီး အီဂျစ်နိုင်ငံ၏ အရှေ့မြောက်အရပ်ဖက်တွင်ရှိသည့် ခါနန်ပြည် (ယနေ့လက်ရှိအစ္စရေးလ်နိုင်ငံ) ၏နယ်နမိတ်အထိ၊ဆိုင်းနိုင်းသဲကန္တာရကိုဖြတ်သန်းပြီးရောက်ရှိလာကြသည်။ အစ္စရေးလ်လူမျိုးတို့အား လွတ်လပ် ခွင့်မပေးချင်ပေးချင်ဘဲ အီဂျစ်နိုင်ငံမှထွက်ခွါခွင့်ပေးလိုက်ရသော အီဂျစ်ဘုရင်မှာ (Ramesses II) ဘုရင်ကြီး ဖြစ်သည်ဟု သမိုင်းသုသေသီများကယူဆထားသည်။ ဘုရားသခင်၏စကားကိုနားမထောင်ခြင်းနှင့် အမျိုးမျိုးသော အပြစ်များကြောင့် ရက် ၄ဝ သွားရမည့်ခရီးကိုနှစ်ပေါင်း ၄ဝသွားခဲ့ရသည်။

 ဘုရားသခင်က သူတို့ လိုက်နာရမည့်ပညတ်တော် (၁ဝ)ပါးကိုဤခရီးလမ်းခုလတ်တွင်ပေးခဲ့သည်။ခရီးဆုံးဖြစ်သောခါနန်ပြည်ကိုမဝင်ရောက်နိုင်ခင် မှာပင်ခေါင်းဆောင်ကြီး မောရှေခေါ်တော်မူခြင်းခံရသဖြင့်၊ ယောရှု ကဆက်လက်၍ ဦးဆောင်ပြီး ခါနန်ပြည် ကိုစီးနင်းသိမ်းပိုက်ကာ အစ္စရေးလ်နိုင်ငံကိုထူထောင်သည်။ အီဂျစ်နိုင်ငံမှစတင်ထွက်ခွါခဲ့စဉ်တွင်ပါဝင်သူများထဲမှ ယောရှု နှင့်ကာလက်သာလျှင် ခါနန်ပြည်ကိုဝင်ခွင့် ရကြပြီး၊ ကျန်သည့်သူများသည် လမ်းခုလတ်တွင် မွေးဖွါးသည့်သူများဖြစ်ကြသည်။ထိုအချိန်မှစပြီးနှစ်ပေါင်း၂ဝဝ ခန့် အတွင်းဘုရင်ဟူ၍မရှိခဲ့ဘဲ တရားသူကြီးများ ဖြစ်သော ဒေဘောရ၊ ဂိဒုန်၊ နှင့် လူသန်ကြီး ရှံဆုန်ကဲ့သို့သော ဘုရားသခင်အထူးရွေးချယ်ထားသည့်သူများက အစစအရာရာ ဦးစီးဆောင်ရွက်ခဲ့သည်။ တရားသူကြီးများ ခေတ်နောက်ပိုင်းကာလတွင် ‘ဟန္န’ဟုခေါ်သောအမေတစ်ယောက် သည် သူမ၏သားငယ် မမွေးဖွါးခင်ကပင် တသက်လုံးဘုရားသခင်၏အစေခံကျွန် ဖြစ်စေပါမည့်အကြောင်း ဘုရားသခင်ထံ အပ်နှံဆုတောင်းသည်။ မိခင်ကြီး ဟန္န ၏သားသည် နောင်တွင်ပရောဖက်ရှမွေလ(Samuel) ဖြစ်လာသည်။ အစ္စရေးလ်လူမျိုးများ၏ အတန်တန်တောင်းဆိုမှုကြောင့် ခရစ်မပေါ်ခင်နှစ်ပေါင်း ၁ဝ၅ဝ ပတ်ဝန်းကျင်ခန့်တွင် ‘ရှောလု’ ဆိုသူအား အစ္စရေးလ်လူမျိုးများ၏ ပထမဦးဆုံးသောဘုရင်အဖြစ် ပရောဖက် ရှမွေလက ဘိသိက်ပေးခဲ့သည်။ ဘီစီ ၁ဝဝဝ ခန့်ရောက်သောအခါ သိုးကျောင်းသားကလေး ဒါဝိဒ် (David) သည်ပါလက်စတိုင်း စစ်သူရဲ လူသန်ကြီး ဂေါလိယက်ကို အနိုင်ယူသတ်ဖြတ်ကာအစ္စရေးလ်နိုင်ငံတော်ကို ထူထောင်သည့်အစ္စရေးလ်လူမျိုးများ၏ ဒုတိယမြောက်သောဘုရင်ကြီးဖြစ်လာသည်။

ဒါဝိဒ်ဘုရင်မင်းကြီး နတ်ရွာစံပြီး နောက်အရိုက်အရာကို သားဖြစ် သူရှောလမုန် (Solomon) ကဆက်ခံကာ၊ ခမည်းတော် ဒါဝိဒ် မင်းကြီး၏ စိတ်ကူးအိမ်မက်ဖြစ်ခဲ့သော ဂျေရုရှလင်မြို့တွင် ဘုရားသခင်၏ ဗိမာန်တော်ဆောက်လုပ်ရန်အစီအစဉ်ကို ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၉၅ဝ ခန့်တွင် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။ရှောလမုန်မင်းကြီးနတ်ရွာစံပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားပြီးနိုင်ငံနှစ်ခြမ်းကွဲသွားသည်။ မြောက်ဖက်ခြမ်းကိုအစ္စရေးလ်နိုင်ငံဟုခေါ်ပြီး၊ တောင်ဖက်ခြမ်း နိုင်ငံကို ရှောလမုန်၏သားက မင်းလုပ်ကြီးစိုးကာ’ယုဒ’ (Judea)


တိုင်းပြည်ဟု ခေါ်သည်။ ခရစ်တော်မွေးဖွါးရန်နှစ်ပေါင်း ၉ဝဝ ခန့်လိုသေးသည်။ ထိုနောက် မြောက်ပိုင်း အစ္စရေးလ်နိုင်ငံမှာရော၊ တောင်ခြမ်းယုဒ တိုင်းပြည်တွင်ပါ မင်းအဆက်ဆက်ပြောင်းလာခဲ့သည်။အစ္စရေးလ်လူမျိုးများသည် ဘုရားသခင်ကိုမေ့လျော့လာကြပြီး တိုင်းတပါး မှလာသည့် ရုပ်တုဆင်းတုများကို ကိုးကွယ်လာကြသည်။ ဘီစီ၇၂၂ တွင် အဆီးရီးယန်း လူမျိုးများက မြောက်ဖက်ခြမ်းဖြစ်သည့်အစ္စရေးလ်နိုင်ငံ ကို ကျူးကျော်သိမ်းပိုက်လိုက်သည်။ ပရောဖက်များက ရုပ်တုဆင်းတုကိုကိုးကွယ်ခြင်းမှနောင်တရရန်၊ အကြိမ်ကြိမ် သတိပေးသော်လည်းမလိုက်နာသည့်အဆုံး ဘုရားသခင်၏ဆုံးမခြင်းဒဏ်အဖြစ် မြောက်ဖက် ခြမ်း အစ္စရေးလ်နိုင်ငံ၏မြို့တော် ဆမားရီယား (Samaria) မြို့သည် အဆီးရီးယန်း လက်အောက် ကျရောက်သွားခြင်းဖြစ်သည်။

 တောင်ဖက်ခြမ်းယုဒတိုင်းပြည်တွင်လည်း ပရောဖက်ယေရမိသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှနောင်တရရန်၊ အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက်နာသောကြောင့်ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရပြီး ဘီစီ ၅၈၆ ခုနှစ်တွင် ဘေဘီလုံအင်ပါယာ၏ ကျုးကျော်သိမ်းပိုက်ခြင်းကိုခံရရုံမက မြို့တော် ဂျေရုရှလင်တမြို့လုံးကို မီးရှို့ဖျက်စီးချေမွခြင်းခံရပြီး ယုဒ တတိုင်းပြည်လုံး ဘေဘီလုံနိုင်ငံသို့သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသည်။

 ဘေဘီလုံနိုင်ရောက်သွားသောသူများထဲမှ ဘုရားသခင်အပေါ်သစ္စာစောင့်သိ၍ ဆု မှန်မှန်တောင်းလေ့ရှိ သော ‘ဒံယေလ’ သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံရပြီး ရန်သူဘေဘီလုံနိုင်ငံ၏ နန်းတွင်း၌အင်ပါယာဘုရင်မင်းမြတ်ကြီး၏အောက်တွင် အာဏာအရှိဆုံးသောသူ တစ်ဦးဖြစ်လာသည်။’ယေရကျေလ’ သည်ဘေဘီလုံနိုင်ငံရောက် သုံ့ပန်းများကိုအဓိက ဝိညာဉ်ရေးရာ၌ အားပေးသူနှင့်အားကိုးအားထားရာ ပရောဖက်ကြီးဖြစ်လာသည်။

 ဘီစီ ၅၃၈ တွင် ဇေရုဗဗေလ၏ဦးဆောင်မှုဖြင့် ယုဒတိုင်းပြည်သို့ ပထမအသုတ်ပြည်တော်ပြန်ခွင့်ရသည်။’ဇေရုဗဗေလ’ အမည် ရှိသူ၏ဦးဆောင်မှုဖြင့်ဂျေရုရှလင်မြို့ဟောင်းနေရာတွင်ပင် ဂျေရုရှလင်မြို့သစ်ကိုပြန်တည်ဆောက်ကြသည်။ ဘီစီ ၄၅၈ ခုနှစ်တွင် ‘ဧဇရာ’ ၏ ဦးဆောင်မှုဖြင့် ဒုတိယအသုတ် ပြည်တော်ပြန်ခွင့်ရသည်။ ဘီစီ ၅၃၉ ခုနှစ်တွင်ပါရှန်း ဘုရင်ကြီး ‘ကုရု’ (Cyrus) က ဘေဘီလုံနိုင်ငံ ကိုသိမ်းပိုက်ပြီးသူ၏ခွင့်ပြုချက်ဖြင့် ဘီစီ၄၃၂ ခုနှစ်တွင် နောက်ဆုံးအသုတ်သည် ‘နေဟမိ’ ၏ဦးဆောင်မှုအောက်တွင်


ပြည်တော်ပြန်ခွင့်ရသည်။ ‘နေဟမိ’ ၏ဦးဆောင်မှုဖြင့် ‘ဂျေရုရှလင်’ မြို့ရိုးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ရုံ မျှမက နိုင်ငံရေးနှင့်လူမှုရေးပြုပြင်မှုများ၊ ဘာသာရေး သန့်စင်ရေး ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ခဲ့သည်။ ဘီစီ ၃၃၃ ခုနှစ်တွင် ဂရိအင်ပါယာ မင်းကြီး ‘အလက်ဇန္ဒရီးယားသည်ဂရိတ်’ က ပါရှန်းအင်ပါတခုလုံးကိုသိမ်း ပိုက်လိုက်ပြန်သဖြင့် အစ္စရေးလ်’ နိုင်ငံသည်လည်း ‘ဂရိ’ နိုင်ငံ၏ လက်အောက်အလိုလိုရောက်သွားပြန်သည်။

 ထို့နောက်ဘီစီ ၃၂ဝ မှ ဘီစီ ၁၉၈ နှစ်အထိ အီဂျစ်တို့၏သိမ်းပိုက်မှုကို၎င်း၊ ဘီစီ ၁၉၈ ခုနှစ် မှဘီစီ၆၃ ခုနှစ်အထိ ဆီးရီယား တို့၏သိမ်းပိုက်မှုကို၎င်း ဆက်တိုက်ခံခဲ့ရသည်။ ဘီစီ ၆၃ ခုနှစ် တွင် ရောမဘုရင် ‘ပွန်ပေ’ က ကျုးကျော်သိမ်းပိုက်လိုက်ပြန်သည်။ ထို့ကြောင့် ခရစ်တော် မွေးဖွါးခဲ့သည့် အချိန်တွင် အစ္စရေးလ်နိုင်ငံသည် ရောမ နိုင်ငံ၏ကိုလိုနီ လက်အောက်ခံ ဖြစ်သည်။

ဤသည်ကားဓမ္မဟောင်းကျမ်းစာခေတ် ကာလမှအကြောင်းအရာများပေတည်း။

(ဆက်လက်ဖော်ပြပါမည်)

နာမတော်မြတ်၌

သောင်းနိုး။

သမ္မာကျမ်းစာအုပ် အကြောင်း (၁)


ယနေ့ ကမ္ဘာမှာ လက်ခံ အသုံးပြု နေသော သမ္မာကျမ်းစာဖြစ်ပေါ် လာရန် အတွက်
ဘုရားသခင် သည်လူတစ်ယောက်တည်း မဟုတ်ဘဲ လူအတော်များများ ကိုအသုံးပြုကာ
ရေးသားစေခဲ့ပြီး၊ ကျမ်းစာတစ်အုပ်လုံးကိုပြီးစီးရန်အတွက် နှစ်ပေါင်း ၂ဝဝဝ ပတ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့တယ်။ မျ...ားသောအားဖြင့်သမ္မာကျမ်းစာအုပ်ကို စာအုပ်တစ်အုပ်အနေဖြင့်လူအများက
ထင်ကြပေမဲ့၊ အမှန်တကယ်မှာတော့တစ်အုပ်ထဲမဟုတ်ပါ။ စာအုပ်ပေါင်း (၆၆) အုပ်ကိုတွဲထားခြင်း ဖြစ်ပါတယ်။ အဲဒီ ၆၆ အုပ်တွေဟာ သမိုင်း၊ ပုံပြင်၊ သီချင်း၊ ကဗျာ၊
ဥပဒေသများနှင့် စည်းမျဉ်းစည်းကမ်းများ၊ တရားဟောချက်များ၊ ပေးစာ (letters) များနှင့်
အနာဂတ်အကြောင်းကို ကြိုတင်ဟောထားသည့်အကြောင်းအရာတို့ ပါဝင်ပါတယ်။


သမ္မာကျမ်းစာအုပ်ရဲ့အဓိကထူးခြားချက်တွေကို ဖော်ပြရမယ်ဆိုရင်-

■ကမ္ဘာမှာပထမဦးဆုံးပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ခြင်း။
■ပုံနှိပ်ထုတ်ဝေချိန်မှစပြီးယနေ့ထိတိုင်အောင် (Best Sellers) လို့ခေါ်တဲ့အရောင်းရဆုံး စံချိန်ကိုဆက်လက်ပြီးတော့ ထိမ်းသိမ်းထားဆဲဖြစ်ခြင်း။ (မှတ်ချက်။ ၁၈၁၅ ခုနှစ်မှ၁၉၇၅ ခုနှစ် အတွင်းအုပ်ရေသန်းပေါင်း ၂၅၀၀ ကျော်ဖြန့်ဝေခဲ့ရပြီး Bible Society အဖွဲ့၏ အစီရင်ခံစာအရ နှစ်စဉ်တစ်နှစ်လျှင်အုပ်ရေ ၁ဝ သန်းခန့် ဖြန့်ဝေသို့မဟုတ်ရောင်းချရသည်)
■ဂူတင်ဘဂ်မြို့မှာ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက ပုံနှိပ်ထုတ်ဝေခဲ့တဲ့သမ္မာကျမ်းစာအုပ်ကလေး တစ်အုပ်ကို ၁၉၇၈ ခုနှစ်အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဂျပန်နိုင်ငံသား အိချိ ကိုဘာရာရှိ ဆိုသူက မူလပိုင်ရှင် Maruzen ကုပ္ပဏီထံမှ 5.4 Million နှင့် ဝယ်ယူခဲ့ပြီး ကမ္ဘာ့စာပေသမိုင်းမှာ ဈေးအကြီးဆုံးစာအုပ်ဆိုတဲ့ စံချိန်ကိုတင်ထားခြင်း။ <New World Encyclopedia>
■ဘာသာစကားပေါင်းအများဆုံးနှင့်ဘာသာပြန်ခြင်းခံရသောစာအုပ်ဖြစ်ခြင်း၊ (ဘာသာစကားအမျိုးပေါင်း ၂၀၀၀ ခန့်နှင့်ဘာသာပြန်ဆိုထားသည်)
■ကမ္ဘာ့သမိုင်းကြောင်းကိုဖော်ပြထားတဲ့ ရှေးအကျဆုံးနှင့်အဦးဆုံးသောစာအုပ်ဖြစ်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။




 Gutenberg Bible of the New York Public Library, bought by
James Lenox in 1847. The first to come to the USA, national
folklore has it that the officers at the New York Customs House
removed their hats on seeing it.


၁၉၇၆ ခုနှစ် Good news Bible ကိုပုံနှိပ် ထုတ်ဝေခဲ့စဉ်ကဝယ်လိုအားများ

လွန်းသောကြောင့်ထိုနှစ်အတွင်းပင် ၂၁ ကြိမ်ပြန်လည်ပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့ရ

တယ်။ အဲသည်ကျမ်းစာအုပ်ဟာ ၁၉၇၉ ခုနှစ်မှာအုပ်ရေသန်းပေါင်း ၆ဝ ပုံနှိပ်ထုတ်

ဝေခဲ့ပြီး စံသစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။

ဘာဖြစ်လို့များ ဒီသမ္မာကျမ်းစာအုပ်ကို လူတွေဒီလောက်တောင် စိတ်ဝင်တစားဖြစ် နေကြရပါလိမ့်။ ဒီစာအုပ်ထဲမှာဘယ်လိုအကြောင်းအရာတွေကို ရေးသားထားပြီး၊ လူတွေရဲ့ဘဝနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေပါလိမ့်၊ စဉ်းစားကြည့်ဘူးပါသလား . . .မိတ်ဆွေ ?

အဓိကအားဖြင့်သမ္မာကျမ်းစာကို နှစ်ပိုင်းခွဲထားပါတယ်။ အဲသည်နှစ်ပိုင်း

ကိုဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ အချိန်ကာလအပိုင်းအခြား

အားဖြင့်တွက်မယ်ဆိုရင် ဓမ္မဟောင်းကျမ်းစာကာလဟာ ဓမ္မသစ်ကျမ်းစာကာလထက်

နှစ်ဆခန့် ပိုရှည်ပြီးတော့ ဘုရားသခင်ရွေးကောက်တော်မူတဲ့လူတွေရဲ့ အကြောင်းများနှင့်

အစ္စရေးလ်လူမျိုးတို့ရဲ့အကြောင်းများကို အဓိက ဖော်ပြထားတယ်ဆိုတာကိုတွေ့ရပါတယ်။

ကမ္ဘာနှင့်လူသားကိုဘုရားရှင်ကစတင်ဖန်တီးခဲ့တဲ့အချိန်ကာလကစပြီးတော့၊ ဝမ်းနည်း

ကြေကွဲဘွယ်ကောင်းသောနေ့ရက်သမိုင်းရာဇဝင်များအကြောင်းကို ရာစုနှစ်နဲ့ချီအောင် ဖော်ပြထားပါတယ်။ ပြီးတော့ ဘေဘီလုံနိုင်ငံ သိမ်းပိုက်ခံရတဲ့အကြောင်းအရာများ၊ နောက်ဆုံး ဘေဘီလုံနိုင်ငံမှ အစ္စရေးလ်လူမျိုးအားလုံးကို ပြည်တော်ပြန်ခွင့်ပေးလိုက်တဲ့အတွက် ဂျေရုရှလင်မြို့ကို ပြန်လည်တည်ထောင်တဲ့အထိ ရေးသားထားပြီး နောက်ပိုင်း

ရာစုနှစ်အနည်းငယ် ခန့်အတွင်းမှာ ဘာတွေဖြစ်တယ်ပျက်တယ်ဆိုတဲ့အကြောင်း မည်သည့်

မှတ်တမ်း တစ်စုံတစ်ခုကိုမျှမတွေ့ရပါ။ အမှောင်ချထားသောထိုကာလအပိုင်းအခြား<dark age> ကိုကျော်လွန်လာပြီးတဲ့နောက် ဓမ္မသစ်ကျမ်းစာရဲ့ကာလအပိုင်းအခြားကိုရောက်လာပါတယ်။

ဓမ္မသစ်ကျမ်းစာမှာ သခင်ယေရှုရဲ့မွေးဖွားခြင်းနှင့် သူရဲ့သက်တော်စဉ် အကြောင်း၊ ခရစ်ယာန်ဘာသာ စတင်ပြန့်နံ့ပုံနှင့် ကနဦးအသင်းတော်များအကြောင်းကို ရေးသားထားပါတယ်။ အနည်းငယ်အသေးစိတ်လေ့လာကြည့် မယ်ဆိုရင် -

(ဆက်လက်ဖော်ပြပါမည်)

နာမတော်မြတ်၌

သောင်းနိုး
မှတ်ချက် (internet မှ website နှင့် e-mail များ၊ Wikipedia၊ Bible Society၊ New World Encyclopedia ၊ သမ္မာကျမ်းစာအုပ် များမှကောက်နှုတ် ကိုးကားတင်ပြထားပါသည် )
ချိုးငှက်ဟူသည်.. ဘလော့ခ်မှ.. ကူးယူတင်ပြပါသည်။

အတုယူစရာသတ္တဝါ.

ပုရွက်ဆိတ် (နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင်ခြင်း)
လူ့သမိုင်းတစ်လျှောက်မှာ ပုရွက်ဆိတ်တွေဟာ လူတွေအတုယူစရာသတ္တဝါတစ်ကောင်အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှတောင် ပုရွက်ဆိတ်နှင့်နှံကောင် ဆိုပြီး ပုရွက်ဆိတ်ရဲ့ကြိုတင်တွေးဆတတ်တဲ့ ဓလေ့တွေ၊ ပြင်ဆင်တတ်တဲ့အကျင့်တွေနဲ့ ပတ်သက်ပြီး သင်ယူခဲ့ဖူးပါတယ်။ ပုရွက်ဆိတ်တွေဟာ အင်မတန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်တဲ့အပြင် နေရာတိုင်းမှာလည်း တွေ့နိုင်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့အလေးချိန်ထက် ပုရွက်ဆိတ်အားလုံးရဲ့အလေးချိန်ဟာ ပိုလေးတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူတို့တွေဘယ်လိုနေထိုင်ပြီး ဘယ်လိုအသက်ဆက်ကြတယ်ဆိုတာ အင်မတန်စိတ်ဝင်စာ...းစရာကောင်းပါတယ်။
အချင်းလူပျင်း ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အို.. လူပျင်း၊ အသင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း၊ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်လက်ချင်းပိုက်လျက်နေစဉ်တွင် ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်။ (သုတ္တံ ၆း၆-၁၁)
ပုရွက်ဆိတ်လေးတွေဆီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာယူနိုင်သလဲဆိုရင်.. သူတို့ရဲ့ ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်လေးတွေကို ယုံကြည်သူတွေ သင်ခန်းစာယူသင့်ပါတယ်။ အစာခေါင်းပါးမယ့်အချိန်အတွက် လုံလောက်တဲ့အစာကို သိုမှီးတတ်တဲ့အလေ့အထလေးကို တွေ့ရပါတယ်။ အစာငတ်ပြီးသေသွားတဲ့ ပုရွက်ဆိတ်ဆိုတာ မရှိဘူးဆိုတဲ့သဘောပါ။ ယုံကြည်သူများ အသက်တာမှာလည်း ဝိညာဉ်ရေးရာအစာဖြစ်တဲ့ နှုတ်ကပတ်တော်ကို ရနိုင်သလောက်သိုမှီးထားသင့်ပါတယ်။ အခွင့်အရေးရရင်ရသလို နှုတ်ကပတ်တော်ကို ခံယူပြီး၊ နှုတ်ကပတ်တော်မကြားနိုင်၊ မခံယူနိုင်တဲ့နေရာဒေသ တစ်နေရာရာရောက်သွားခဲ့ရင် ကိုယ်သိုမှီးထားခဲ့တဲ့ အဲဒီနှုတ်ကပတ်တော်ကပဲ ကျွန်တော်တို့အသက်တာကို ပြန်လည်ခွန်အားပေး ရှင်သန်စေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်၊ ကြားရက်တွေမှာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နှုတ်ကပတ်တော်ကြားနိုင်မယ့် နေရာမျိုး အခြေအနေမျိုးတွေကို ရှာဖွေပြီး အသက်တာကို ပြင်ဆင်ထားသင့်ပါတယ်။ နှုတ်ကပတ်တော်ကို ကြားနေရမှ အသက်တာမှာ ဘုရားသခင်နှင့်ဆိုင်တဲ့ယုံကြည်ခြင်းတွေ ခိုင်မာလာပြီး အသက်တာအတွက် ခွန်အားပြည့်နေမှာဖြစ်ပါတယ်။
သော်တာမောင်
credit >> ချိုးငှက်ဟူသည်

အသင်းတော်သမိုင်း အနှစ်ချုပ်

ဘီစီလေးတွင် ယေရှုဘုရားလူ့ဇာတိခံယူခဲ့ပြီး အေဒီ ၂၆ ခန့်မှစ၍ သုံးနှစ်တာ သာသနာပြုခဲ့ကာ အေဒီ သုံးဆယ်ခန့်၌ ကားတိုင်ထက်တွင် လူသားအားလုံး၏ အပြစ်အတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပြီး တပည့်တော်များနှင့် ရက်ပေါင်းလေးဆယ်အတူနေထိုင်ခဲ့ကာ သံလွင်တောင်မှတဆင့် မိမိကြွမြန်းလာရာကောင်းကင်ဘုံသို့ ငါးရာမကသော လူများ၏ရှေ့မှ ပြန်လည် တက်ကြွသွားခဲ့ပါသည်။
ယေရှုဘုရား ကောင်းကင်ဘုံသို့ တက်ကြွသွားပြီး တပည့်တော် တရာ့နှစ်ဆယ် တို့သည် ယေရှုဘုရား မှာထားတော်မူ ခဲ့သည့်အတိုင်း ယေရုရှလင်မြို့အထက်ခန်းမတွင် လောကသို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာချိန်အထိ ကြိုးစားလျက် ဆုတောင်းစောင့်နေခဲ့ပါသည်။ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များသည် သန့်ရှင်း သောဝိညာဉ်တော်ကို ခံယူခဲ့ကြပြီး ဝိညာဉ်တော် အရှိန်အဟုန်ဖြင့် ယေရုရှလင်မြို့ မှစတင်ကာ ဧဝံဂေလိ သတင်းစကားကို ဟောကြား သက်သေခံခဲ့ကြပါသည်။ ထိုသတင်းစကားအတွက် တမန်တော်များ အားလုံးနီးပါး အသက်ပေးခဲ့ကြရပါသည်။
တမန်တော် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် သာသနာပြုရင်း မာတုရများ အဖြစ် အေဒီ ၆၅ ခန့်တွင် အသတ်ခံရပြီးချိန်၌ ခရစ်ယာန် အသင်းတော်များတို့သည် မြေထဲပင်လယ်ဝန်းကျင်တလျောက်တွင်၎င်း၊ အီဂျစ်ပြည်မှ ရောမနှင့် စပိန်အထိနှံ့ ပြားခဲ့ပါသည်။ ၄င်းအပြင် ရောမအင်ပါယာ၏ အပြင်ပဖြစ်သော အရှေ့ဘက်နိုင်ငံ များ၌လည်း အသင်းတော်များ ရှိကြပြီးဖြစ်ပါသည်။ အိန္ဒိယတောင်ပိုင်း အသင်းတော်ကို တမန်တော် သောမမှ တည်ထောင်ခဲ့သည်ဟုဆိုပါသည်။ ထိုအေဒီ၆၅ ခုနှစ်အတွင်း၌ပင် တကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိ နှံ့ပြားရေး လုပ်ငန်းသည် ကောင်းစွာစတင် ခဲ့ပြီဆိုသည်ကို တွေ့မြင်ရပါလိမ့်မည်။
ကနဦးအသင်းတော်များသည် ပထမရာစုတွင် နီရိုးဘုရင်(အေဒီ ၆၄)၏ ရက်စက်စွာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါသည်။ နီရိုးဘုရင်သည် ရောမမြို့ကြီးကို ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူ့ကိုပြန်လည်တော်လှန်နိုင်ခြင်းငှါ မစွမ်းနိုင်သော အားနည်းသည့် ခရစ်ယာန်များ၏ လက်ချက်ဟုယိုးစွပ်ကာ ခရစ်ယာန်များကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသည်။ နီရိုးဘုရင်သည် ခရစ်ယာန်များတို့ကို အရှင်လတ်လတ်မီးရှို့လျက် လူသားမီးရှူးတိုင်များပြုလုပ်ကာ ဘုရင်၏ဥယျာဉ်၌ ပွဲခံခဲ့သည့် စိတ်မငြိမ်သက် သူဟူ၍ ၄င်း၊ စိတ်မနှံ့သူဟူ၍ ၄င်း သတ်မှတ်ခံခဲ့ရသော မင်းတစ်ပါးလည်းဖြစ်ပါသည်။
ဒုတိယရာစုတွင် ရောမရှင်ဘုရင်၏ရုပ်တုကို ခရစ်ယာန်များက မကိုးကွယ်သည့်အတွက် နှိပ်စက်ညှင်းပန်း အသေသတ်ခြင်း ခံခဲ့ရကာ တတိယရာစုတွင် ကြီးထွားလာသော ခရစ်ယာန်တို့အား နိုင်ငံရေးအရ တစ်နေ့တော်လှန်ပုန်ကန် လိမ့်မည်ဟူသော အမြင်ဖြင့် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ကြပြန်ပါသည်။ ကနဦး အသင်းတော်၏ ခရစ်ယာန်များတို့သည် ခေါင်းဖြတ်အသတ် ခံရခြင်း၊ မီးနှင့် ကင်မြှိုက်၍အသတ်ခံရခြင်း၊ သံညှပ်များဖြင့် အပိုင်းပိုင်းကိုက်ဖြတ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ သားရဲတိရစ္ဆာန်တို့၏ အစာအဖြစ်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာ ကွပ်မျက်ခြင်း ခံခဲ့ရပါသည်။ သို့သော် ခရစ်ယာန်များ လျော့မသွားသည့် အပြင် တိုးလို့သာလာခြင်းက ရောမအစိုးရကိုပင် တုန်လှုပ်စေခဲ့ပါသည်။
အေဒီ ၃၁၂ တွင် ရောမ၌ ကွန်စတင်တိုင်း ဘုရင်ဖြစ်လာခဲ့ပါသည်။ ၄င်းသည် တိုက်ပွဲများဆင်နွဲရင်း အရေးကြီးဆုံးသော နောက်ဆုံးတိုက်ပွဲကြီးမတိုင်မီတစ်ညတွင် ထူးဆန်းသော အိပ်မက်ရူပါရုံတစ်ခုကို မြင်မက်ခဲ့ပါသည်။ ထိုအိပ်မက်၌ လက်ဝါး ကပ်တိုင်ကြီး တစ်ခုကိုရှုမြင်ရပြီးလျှင် ကြားရသောအသံကား၊ ဤအထိမ်းအမှတ်အားဖြင့် သင်သည်အောင်မြင်လိမ့်မည်ဟု ဖြစ်၏။ ထို့ကြောင့် ၄င်း၏ စစ်အသုံးအဆောင်များတို့၌ ကားတိုင် တံဆိပ်ခပ်နှိပ်စေလျက် တိုက်ပွဲဝင်ခဲ့ရာ ၄င်း၏ အစိုးရိမ်ဆုံးသော နောက်ဆုံး တိုက်ပွဲကို အောင်မြင်ခဲ့ပါသည်။ ထို့နောက် အေဒီ၃၁၃ တွင် မီလန်အမိန့်တော် ရာဇသံကို ကွန်စတင်တိုင်းမှ ထုတ်ပြန်လိုက်ပြီး ထိုအမိန့်တော်မှာ လူများတို့အား မိမိကြိုက်နှစ်သက် ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ဟူ၍ဖြစ်ပါသည်။
ကွန်စတင်တိုင်းသည် ရောမနိုင်ငံတွင် မထမဦးဆုံးသော ခရစ်ယာန်ဘုရင် ဖြစ်လာသကဲ့သို့ ရောမအင်ပါယာတစ်ခုလုံးလည်း ခရစ်ယာန် အင်ပါယာဖြစ်လာ ခဲ့ပါသည်။ ကွန်စတင်တိုင်းဘုရင်သည် ခရစ်ယာန် မြို့တော်သစ် ဖြစ်သည့် အီစတမ်ဘူလ် ဟူ၍ခေါ်သော ကွန်စတင်တီနိုပယ်လ်မြို့သစ်ကြီးကိုလည်း တည်ဆောက်ခဲ့ပါသည်။ ရောမစစ်တပ်များတွင်လည်း ခရစ်တော်ဟု အဓိပ္ပါယ်ရှိသော စာလုံးကို ဟေလသအက္ခရာဖြင့် အလံများတွင် ရေးသားအသုံးပြုခဲ့ကြပါသည်။ ကွန်စတင်တိုင်းဘုရင်ခရစ်ယာန်ဖြစ်ပြီး မကြာမီပင် တနင်္ဂနွေနေ့ကို ဝတ်ပြုရာနေ့နှင့် အများနှင့်ဆိုင်သောအားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။
အေဒီ ၅၉၀ တွင် ရိုမန်ကက်သလစ်အသင်းတော်ကို ပုပ်ရဟန်းမင်းကြီး ဂရယ်ဂိုရီက တည်ထောင်အစပြုခဲ့ပြီး ရောမအင်ပါယာ တန်ခိုးကြီးချိန်ဖြစ်၍ အနောက်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ ကနဦး သုံးရာစုအတွင်း ခရစ်ယာန်များတို့ သည် ယေရှုကို အသက်ပေး ကိုးကွယ်ခဲ့ကြသလို ခရစ်ယာန်ဟု အမည်ခံဖို့ မိမိ၏ အသက်အိုးအိမ်စည်းစိမ်များအားလုံးကို စွန့်ခဲ့ကြရပါသည်။ သို့သော်သုံးရာစု နောက်ပိုင်း ခရစ်ယာန်ဘာသာသည် လူအများကိုးကွယ်သော ဘာသာ၊ အာဏာရှိသော ဘာသာနှင့် နိုင်ငံတော်ဘာသာတစ်ခု ဖြစ်လာသောအခါ သာ၍ ဘာသာပြောင်းလာသူများ၊ အာဏာ ရလို၍ ဘာသာပြောင်းလာသူများ တို့နှင့် သမ္မာတရားကို သိကျွမ်းခြင်းမရှိသော အတု အယောင် ခရစ်ယာန်များ ဖြစ်လာကြပါသည်။ အသင်းတော်သည်လည်း လောကီဆန် လာပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် လွဲမှားသောအယူဝါဒများစွာ တို့သည်လည်း အသင်းတော်တွင်းသို့ ဝင်ရောက် လာပါသည်။ ထိုအယူဝါဒများဖြင့် ခရစ်ယာန် အချင်းချင်း ပြဿနာများ ဖြစ်ခဲ့ကြပါသည်။ သုံးပါးတစ်ဆူဘုရားဆိုင်ရာ သွန်သင်မှု အလွဲများနှင့် ယုံကြည်ခြင်းဆိုင်ရာ လွဲမှားသောဩဝါဒများ ရှိလာပါသည်။
ထို့နောက်  အေဒီ ၆၀ဝ ခန့်တွင် မွတ်ဆလင်ဘာသာပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်းသုံးရာကျော်အတွင်း ဥရောပ တိုက်တစ်ခုလုံး နီးနီးကို မွတ်ဆလင်တပ်များက နယ်ချဲ့သိမ်းပိုက်ခဲ့ရာတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း ပါသွားခဲ့ပါသည်။ ထို့ကြောင့် အေဒီ ၁၀ဝ၀ ခန့်တွင် ကက်သလစ်ခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည့် ပြင်သစ်နှင့်ဂျာမဏီတို့ဦးဆောင်ပြီး မွတ်ဆလင်တပ်များကို တိုက်ထုတ်ခဲ့သော ခရုစိတ်စစ်ပွဲကြီး ဖြစ်ပွါးခဲ့ပြန်ပါသည်။ ခရစ်ယာန်နိုင်ငံများတို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ခရုစိတ်ခေါ် ဘာသာရေးစစ်ပွဲကြီးပြီးသည့်နောက် ရောမနှင့် ဂရိတို့ အာဏာပြိုင်မှုနှင့် အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့ကြသည်။ ဂရိလူမျိုးများက ကျမ်းစာကို ဂရိလိုရေးပြီး ဂရိဘာသာစကားဖြင့် စာသင်ကြားခြင်းကြောင့် ၄င်းတို့သည် မူရင်း ခရစ်ယာန်များဖြစ်ကြသည်ဟု ဆို၏။ ရောမတို့သည် ဂရိဘာသာစကားဖြင့် ပညာသင်ကြားနေရသော်လည်း အာဏာကြီးစိုးမှုတွင် ရောမတို့ကသာသဖြင့် ဂရိတို့က လက်မခံလိုကြပေ။ ဂရိတို့က ဗာတီကန်သည် ယိုယွင်းပျက်စီးနေသည်ဟုမြင်ပြီး ပုပ်ရဟန်းမင်းကြီးကိုလည်း အယုံအကြည်မရှိသောကြောင့် အရှေ့တိုင်းဂရိများက အနောက်တိုင်းရောမမှ ခွဲထွက်ခဲ့ကြပါသည်။
ရိုမန်ကက်သလစ်က ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စသည့်နိုင်ငံတို့ကို ရောမလက်အောက်ခံဖြစ်အောင်ကြိုးစားသည်။ ဂရိတို့ကလည်း ရုရှားတခွင်ကိုချဲ့ထွင် ကာ ရုရှား အော်သိုဒေါက် အသင်းတော်များကို တည်ထောင်ခဲ့ပါသည်။ ရုရှားမှတဆင့် ဟော်လန်၊ ယူကရေးနီးယား တို့ကိုလွှမ်းမိုးနိုင်ခဲ့သည်။ ယနေ့တိုင် အနောက်ဥရောပ သည် ရိုမန်ကက်သလစ်၏ လွှမ်းမိုးမှု အောက်တွင်ရှိပြီး၊ အရှေ့ဥရောပမှာ ရုရှား အော်သိုဒေါက်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြပါသည်။ အထက်ပါ အကြောင်းတို့ ကြောင့် ရောမနှင့် ဂရိတို့သည် ခရုစိတ်စစ်ပွဲပြီးချိန်တွင် ဂိုဏ်းကွဲခဲ့ကြရပါသည်။
ထို့နောက် အေဒီ ၁၅၁၇ တွင် မာတင်လူသာ၏ ခရစ်ယာန်ဘာသာပြုပြင် ပြောင်းလဲခြင်း ဖြစ်ပေါ်လာကာ ပရိုတက်စတင့် အသင်းတော်များပေါ်ထွက်လာသည်။ မာတင်လူသာသည် ဂျာမဏီလူမျိုး ကာသိုလိပ်အသင်းတော်မှ ဘုန်းကြီးတစ်ပါးဖြစ်ပါ သည်။ ရောမကာသိုလိပ်အသင်းတော်၏ ဩဝါဒများနှင့် လုပ်ဆောင်မှုများ မှားယွင်းနေကြောင်းကို ထောက်ပြပြီး လူသာရင် အသင်းတော်ကို ပေါ်ထွက်စေခဲ့သူ ဖြစ်ပါသည်။၎င်းနောက် ပြင်သစ်လူမျိုး ကယ်လ်ဗင် ကလည်း ပြုပြင်ပြောင်းလဲသော အသင်းတော်(Reformed Church) ကိုတည်ထောင်ခဲ့ ပါသည်။ ဂျွန်နောက် (John Knox) စကော့တလန်ကလည်း ပရက်ဗီတေးရီးယန်းအသင်းတော်ကို တည်ထောင်ခဲ့ ပါသည်။ အင်္ဂလန် ရှင်ဘုရင်ကလည်း အင်္ဂလီကန် အသင်းတော်ကို စတင်ခဲ့ပါသည်။ ဂျွန်ဝက်စလီကလည်း မက်သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သကဲ့သို့ ဂျွန်စမစ်၏ ဦးဆောင်မှုအောက်တွင် နှစ်ခြင်းအသင်းတော်ကို တည်ထောင်ခဲ့ကြ၏။ ဤအသင်းတော် မျာ အားလုံးသည် အေဒီ ၁၅၁၇ မှအေဒီ ၁၆၀ဝ အတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ သည်။
အေဒီ ၁၈၀ဝ ခန့်တွင် ဝိညာဉ်နိုးထမှုများရှိလာကာ သာသနာပြုခြင်းများ ထပ်မံ ပေါ်ပေါက်လာသည်။ ဝီလျံကယ်ရီသည် အိန္ဒိယသို့၎င်း ဆရာကြီး ယုဒသန်သည် မြန်မာပြည်သို့၎င်း သာသနာပြုခဲ့ကြပါသည်။ ထို့နောက် သာသနာပြုများစွာ ပေါ်ထွက် လာခဲ့ပြီး အာရှ၊ အာဖရိက၊ တောင်အာဖရိက၊ တောင်အမေရိကအထိ အသင်းတော်များ ပျံ့နှံ့ပေါ်ထွက်လာခဲ့ပါသည်။
အေဒီ ၁၉၀ဝ အစပြုချိန်တွင် အမေရိကန် Kansas ပြည်နယ်Topeka မြို့တွင် လူအချို့စုဝေးကာ ဆုတောင်းခဲ့ရာမှ အထက်ခန်းမ ၌ တပည့်တော်တို့ ခံစားရသကဲ့သို့ ဝိညာဉ်တော်နိုးထမှု ဖြစ်ပေါ်လာခဲ့သည်။ ထိုနိုးထမှုဖြင့်သာသနာပြုခဲ့ကြရာမှစပြီး ဂိုဏ်းဂဏအသီးသီးသို့ ဝိညာဉ်တော်နိုးထမှုပျံ့နှံ့လာခဲ့သည်။ အေဒီ ၁၉၃၀ တွင် ဝိညာဉ် တော်နိုးထမှုရှိသော သူများစုပေါင်းပြီး Assembly of God (AoG) အသင်းတော်ကို ထူထောင်ခဲ့သည်ဟု သိရပါသည်။
ဒုတိယကမ္ဘာစစ်အပြီး ကွဲပြားနေသော ခရစ်ယာန်တို့အား ပြန်လည်စည်းရုံးနိုင် ရန် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ဧဝံဂေလိမိဿဟာရဟု ခေါ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ၁၉၅၀ တွင်  World Council of Churches (W.C.C) ကိုဖွဲ့စည်းခဲ့ကာ ၄င်းအဖွဲ့တွင် လစ်ဘရယ်ဝါဒကို လက်ခံသော အသင်းတော် များပါဝင်လာပါသည်။ လစ်ဘရယ်ဝါဒတွင် သုံးပါးတစ်ဆူဘုရားဆိုင်ရာ မတူညီသော ဩဝါဒများနှင့် ကယ်တင်ခြင်းဆိုင်ရာ မတူညီသော ဩဝါဒများ ရှိကြပါသည်။ (သေဆုံး ပြီးသူများအတွက် ကောင်းမှုပြုပေးခြင်းနှင့် ကောင်းရာဘုံသို့ရောက်ဖို့ ဆုတောင်းပေးခြင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းရဖို့သွန်သင်ခြင်း၊ ဘာသာတရားတိုင်းတွင် ယေရှု ဘုရား အသွင်တစ်မျိုးစီဖြင့်ရှိပြီး ဘာသာတရားတိုင်းတွင် ကယ်တင်ခြင်းတရားရှိသည်ဟု ဆိုခြင်း) ယနေ့ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ခရစ်ယာန်များဖြစ်ကြပြီး ခရစ်ယာန် ၈၀% သည်(W.C.C) အဖွဲ့ဝင်များဖြစ်ကြကာ ကျန် ၂၀% သော ခရစ်ယာန်များ တို့သည့်  World Evangelical Fellowship (W.E.F)  ၏အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ (W.E.F) အဖွဲ့ဝင်များမှာ သုံးပါးတစ်ဆူဘုရားနှင့် ယေရှုအားဖြင့်သာလူသားတိုင်း ခမည်းတော်ထံသို့ ရောက်နိုင်သည်ဟူသော သမ္မာတရားကို လက်ခံယုံကြည်သော ခရစ်ယာန်ဂိုဏ်းဂဏများအားလုံး ပါဝင်ပါသည်။ အထက်ပါ အဖွဲ့အစည်းနှစ်ခုအား လစ်ဘရယ် ခရစ်ယာန်နှင့် ဧဝံဂေလိခရစ်ယာန် ဟူ၍လည်း ခေါ်ကြပါသည်။

credit >> အမေးအဖြေ

The Light of the World ပန်းချီကားအဓိပ္ပါယ်ဖွင့်ဆိုခြင်း


The Light of the World (1853-54)
William Holman Hunt ရေးဆွဲခဲ့သော ပန်းချီကားဖြစ်သည်။ ဗျာဒိတ်ကျမ်း ၃း၂၀ ဖေါ်ပြသည်။ မူလပန်းချီကားမှာ Keble College, Oxford ဘုရားကျောင်းတွင်ရှိသည်။  ထပ်မံဆွဲထားသည့် ပန်းချီကားကြီးကို စိန့်ပေါဘုရားကျောင်း၊ လန်ဒန်တွင် ပြသထားသည်။

ခရစ်တော်ကို ပုံဖေါ်ရာ၌ ကိုယ်တော့်လက်တော် တစ်ဖက်တွင် မီးထွန်းထားသည့် မီးအိမ်ကိုကိုင်ထားပြီး၊ စပျစ်နွယ်ပင်နှင့် ဖုံးနေသော တစ်ထပ်တိုက်ပုလေး၏ တံခါးကိုခေါက်နေသည်။ သို့ရာတွင် ဤပန်းချီကားကို ဒုတိယအကြိမ်ထပ်ကြည့်သော် မြက်ပင်ပေါင်းပင်များ အ၀င်တံခါးရှေ့၌ ပေါက်လျှက်နေသည်ကိုလည်းကောင်း၊ ၊ တံခါးမင်းတုံးကို အတွင်းဖက်မှသာ ဖွင့်နိုင်သည်ကိုလည်းကောင်း မြင်ရသည်။

ုယခုခေတ်ကာလများ၌ ကျွန်ုပ်တို့၏အသက်တာသည်လည်း The Light of The World မှ တိုက်ပုလေး၏ တံခါးပေါက်နှင့်တူနေပါသည်။ ဇိမ်ခံခြင်း၊ အပြစ်ဒုစရိုက်၊ တကိုယ်ကောင်းဆန်ခြင်း ဟူသော ပေါင်းပင်များနှင့် ပိတ်နေပါသည်။

လက်တော်တွင် ကိုယ်တော်ရှိနေခြင်း ဟူသော မီးအိမ်ကို ကိုင်ထားပါသည်။ သင်၏မှောင်မိုက်သော ၀ိညာဉ်ကို အလင်းရောင်ထွန်းပေးမည့် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ တစ်ခုတည်းသော မီးတောက်ဖြစ်တော်မူပါ၏။

သို့ရာတွင် သင့်နှလုံးတံခါးကို ဖွင့်ပေးနိုင်သောအားသည် သင်နှင့် သင်တစ်ယောက်တည်းတွင်သာ ရှိသည်။ တံခါးမင်းတုံးကို အထဲမှ ဖွင့်ပေးရသည်။ တံခါးကို သင်ဖွင့်ပေးမည်လော....။

ဆုတောင်းချက်။
ဘုရားသခင်၊ ကျွန်ုပ်၏ အေးစက်သော အပြစ်များကို နောင်တရပါသည်။ သခင်ယေရှုကို ကျွနိုပ်နှလုံးသားနှင့် အသက်တာတွင်းသို့ ဖိတ်ခေါ်ပါသည်။ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော မီးဖြင့် ကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ကတိတော်အတိုင်း ကျွန်ုပ်၏ စိတ်နှလုံးတွင်း၌ ကိန်းဝပ်တော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ သခင်ယေရှု၏ နာမတော်၌ ဆုတောင်းပါသည်။ အာမင်
Ref:  Billy Graham Sermon "God's Heart warming fire"

credit>> မုရန် မှ ကူးယူတင်ပြပါသည်။